Preview

စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင်ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရဝန်ထမ်းများသာပြန်လွတ်လာ

ဖေဖော်ဝါရီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :9070
ရခိုင် သတင်း

ရခိုင်ပြည်၊ စစ်တွေမြို့လေဆိပ်နှင့် ကျောက်ဖြူလေဆိပ်တို့တွင်ဖမ်းဆီးခံထားရသည့် ရာနှင့်ချီသည့်ခရီးသွားများ အနက်မှ အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့်အစိုးရဝန်ထမ်းများ သာပြန်လွတ်လာကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ခံတစ်ဦးက “ မိန်းမတွေကို အရင်လွှတ်ပေးတယ်။ စစ်တွေမြို့ခံကဆို လွတ်ပေးတယ်။အစိုးရဝန်ထမ်း နဲ့ ကျောင်းသားတွေဆို လွတ်ပေးတယ်။ စက်ရုံအလုပ်ရုံမှာလုပ်တဲ့သူတွေ၊ အဓိက နယ်ဖက်ကလူတွေဆိုရင်ထိန်းသိမ်းထားတယ်။ အေအေကို ဝင်မှာကြောက်လို့ မလွတ်သေးတာလို့ ကြားတယ်။ပထမတစ်ရက်  လေယာဥ်နဲ့ လာတဲ့ လူ၅၀၀လောက်ရှိမယ်ထင်တယ်။ နောက်တစ်ရက်လည်း ထပ်ဖမ်းသေးတယ်ကြားတယ်။ အရေအတွက် အတိအကျ မသိရဘူး ” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

စစ်တွေမြို့လေဆိပ်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၀ရက်နေ့အတွင်းကရန်ကုန်မှ စစ်တွေသို့ လေကြောင်း ခရီးဖြင့် ပြန်လာသည့်အချိန်တွင် စစ်ဆေးရန်ဟု အကြောင်းပြကာဖမ်းဆီးခဲ့သည်ဟု သိ၇သည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့်သူများကိုစစ်တွေမြို့မရဲစခန်းတွင်ထိန်းသိမ်းထားခြင်းမဟုတ်ပဲ စစ်တွေမြို့လောကာနန္ဒာစေတီဝန်းက ဓမ္မာရုံမှာထိန်းသိမ်းထားခြင်းဖြစ်ကြောင်းမြို့ခံများကပြောသည်။

အလားတူကျောက်ဖြူမြို့ လေဆိပ်တွင် ဖမ်းဆီးခံ၇သည့်  လူငယ် ၆၀ကျော်အနက် ထောက်ခံစာ ပါသည့် မြို့ခံတစ်ချို့ကို ပြန်လွတ်ပေးပြီးနယ်ကလူများကို ရမ္မာ၀တီခန်းမတွင် ဆက်လက် ထိန်းသိမ်းထားဆဲဟုကျောက်ဖြူမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ ကျောက်ဖြူက မြို့နယ်အုပ်ရေးမှူးထောက်ခံစာနဲ့သန်းခေါင်စာရင်းပါတဲ့မြို့က လူတွေကို ပြန်လွတ်ပေးတယ်။ မပါတဲ့လူတွေကပြန်မလွတ်ဘူး။မိသားစုတွေကို ဆက်သွယ်ခိုင်းပြီး ထောက်ခံစာယူခိုင်းတယ်တဲ့။ အခု ဖမ်းခံထားရတာကနယ်ကလူတွေပိုများတယ်။ နယ်ကလူတွေဆို အေအေကို ဝင်မှာစိုးရိမ်လို့ ဖမ်းထားတယ်လို့ကြားတယ်” ဟုပြောသည်။

လက်ရှိ စစ်တွေနှင့် ကျောက်ဖြူ လေဆိပ်တို့မှ ဖမ်းဆီးခံထားရသူများအထဲက ကျန်နေသေးသည်လူဦးရေကို သိရှိလိုသဖြင့် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ  ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ထံဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားပေးခြင်းမရှိ၍ ကျန်ရှိနေသူ အရေအတွက်ကို သိရှိနိုင်ခြင်းမရှိပါ။

ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းလိုက်ပြီးနောက် ရန်ကုန်တွင်နေထိုင်သည့် ရခိုင်နေအိမ်များကိုဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ပြီး ရခိုင်လူငယ်များကို ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ယင်းသို့ စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် ရန်ကုန်-စစ်တွေ အကြား ခရီးသွားလာသူများနည်းပါးသွားသည်ဟု မြို့ခံများကပြောသည်။  (NN-11)

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.