တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဒုတပ်ကြပ်ရဲတစ်ဦး မိသားစုနှင့်အတူ လက်နက်များယူဆောင်၍ ရက္ခိုင့်တပ်တော်ထံ အလင်းဝင်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 7.5k

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီထံတာဝန် မထမ်းဆောင်လိုသည့် ဒုတပ်ကြပ်ရဲတစ်ဦးသည် မိသားစုနှင့်အတူ လက်နက်ခဲယမ်းများကို ယူဆောင်၍  ရက္ခိုင့်တပ်တော်(AA)ထံ အလင်းဝင်သွားကြောင်း သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်ထံ အလင်းဝင်းသူမှာ ကျောက်တော်မြို့ဇာတိ ဒုတပ်ကြပ်ကျော်ဌေးဖြစ်ပြီး ဇနီး၊ ၁၅နှစ်အရွယ်သားတစ်ယောက်နှင့်အတူဖေဖော်ဝါရီ ၁၈ ရက်နေ့ကအလင်းဝင်သွားခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ အလင်းဝင်သွားတာ ဒါနဲ့ဆို ၆ ယောက်လောက်ရှိပြီထင်တယ်။ မိသားစုနဲ့အတူ လက်နက် တစ်ချို့ ယူဆောင်ပြီး  ရက္ခိုင့်တပ်တော်ဆီအလင်းဝင်သွားတယ်။ အခုချိန်မှာ စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ သူတွေများလာတယ်။ ဆက်နေရင် အသက်ရှင်ဖို့မလွယ်ဘူးလေ။ အဲ့ဒါကြောင့် ဝင်တဲ့သူတွေတိုးလာတာ” ဟုပြောသည်။

စစ်ကောင်စီအထက် ရဲတာဝန်ရှိသူများက အောက်ခြေရဲများကို ယုံကြည်မှုမရှိသလောက်ဖြစ်နေပြီး အကြောင်းမဲ့ အပြင်မထွက်ကြရန် ညွှန်ကြား ထားခြင်းများရှိပြီး ရဲစခန်းတွင်ရှိသည့်ရဲများအား  လုံခြုံရေး တင်းကြပ်ခံထားရသည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ အခုဆိုရဲတွေအပြင်သိပ်မထွက်ကြဘူး။ အထက်ကအကြောင်းမဲ့မထွက်ရဘူးလို့ ညွှန်ကြားထားလို့ သိရတယ်။ ထွက်ရင်တောင် ၂ ယောက်ပူး လက်နက်တွေအပြည့်နဲ့သွားတယ်။ ရခိုင်မှာ တိုက်ပွဲ စဖြစ်ကတည်းက တောင်ကုတ်မှယ အမှုတွေလည်း ပိတ်ထားတယ်” ဟုပြောသည်။

တောင်ကုတ်သည် ခရိုင်အဆင့်ရှိ မြို့ကြီးတစ်ခုဖြစ်ပြီး အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့်  ခမရ (၃၄၆ )နှင့် ခမရ ၅၄၄တို့တည်ရှိပြီး ရက္ခိုင့်တပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ လုံခြုံရေးကို အထူးတိုးမြင့်ထားသည့် မြို့လည်းဖြစ်သည်။

မြို့ပေါ်ရှိ ကိုင်းရှည်တံတားပေါ်တွင်လည်း စစ်ကောင်စီတပ်သားများကို လုံခြုံရေး အပြည့်ချထားပြီး   ဖြတ်သန်းသွားလာသည့် ကုန်စည်များနှင့်  ခရီးသည်များကိုလည်း စစ်ဆေးမှုများရှိသလို ငွေကြေးကောက်ခံခြင်း၊ ပါလာသည့် ယာဉ်များပေါ်က ကုန်စည်များကိုယူဆောင်ခြင်းများရှိသည်ဟု ဒေသခံများကပြောသည်။

တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာပါက စစ်ကောင်စီက ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လေကြောင်းကနေ  ဗုံးကြဲ လာနိုင်သဖြင့်  လေကြောင်းအန္တရာယ် ကာကွယ်‌ရေး ကြိုတင်ပြုလုပ်ကြရန် ရက္ခိုင့်တပ်တော်မှ သတိပေးထားသည်။

လက်ရှိမြို့ပေါ်လူဦးရေ၏ ၄၀ ရာခိုင်နူန်းသည်လည်း တိုက်ပွဲဖြစ်ပွားလာမည်စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်း‌ရှောင်နေကြသည်ဟု မြို့ခံများကပြောသည်။

ထို့အပြင် တောင်ကုတ်မြို့နယ်ရှိ တာဝန်ကျစစ်ဆေးရေးဂိတ်များက စစ်သား ၁၂ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားပြီး ရက္ခိုင့်တပ်တော်ထံ လက်နက်ချသွားခဲ့သည်ဟုလည်း သိရသည်။( NN-11)

ပုံစာ- ရခိုင်မှရဲများ

ဆက်စပ် သတင်းများ