Preview

ဘူးသီးတောင်မှ မွတ်ဆလင် လူငယ် ၆၀ ကျော်အား စစ်ကောင်စီ ထပ်မံဖမ်းဆီး

ဖေဖော်ဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :3317
ရခိုင် သတင်း

၇ခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်လူငယ် ၆၄ ဦးအားပြည်သူ့စစ်မှုထမ်းရန်  စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီ၂၃ ရက်၊ ည ရ နာရီခွဲခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိုးသည်မ မွတ်ဆလင် ကျေးရွာမှ ၁၂ ဦး၊ မြောင်းနား မွတ်ဆလင်ကျေးရွာမှ ၂ ဦး၊အလယ်ချောင်း မွတ်ဆလင်ကျေးရွာမှ ၃၀ ဦး၊ ကကျဘက် မွတ်ဆလင်ကျေးရွာမှ ၂၀ ဦး စုစုပေါင်းမွတ်ဆလင်အမျိုးသား ၆၄ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးကာ ည ၉ နာရီခွဲ၌ဘူးသီးတောင်ဗျူဟာသို့ ခေါ်ဆောင်သွားသည်ဟု သိ၇သည်။

အမည်မဖော်လိုသူဒေသခံတစ်ဦးက "မနက်အစောကြီးကနေ ဗျူဟာက ကား ၃ စီးနဲ့ထွက်လာပြီး တစ်နေကုန်ကင်းပုန်းဝပ်စောင့်ကြည့်ပြီးမှ အတင်းအဓမ္မဝင်ဖမ်းသွားကြတာပါ။ ကျနော်တို့လုံး၀မကျေနပ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ရွေးချယ်စရာမရှိဘူး"ဟု ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ဘူးသီးတောင်ဗျူဟာမှ တပ်သားများ ဖြစ်ပြီးအင်အား ၆၀ ခန့်လက်နက်ကိုယ်စီဖြင့် ကားသုံးစီးနှင့်လာကာ ဇော်ဘော်မွတ်စလင်ကျေးရွာအနီး၌အင်အား၂၀ခန့်၊ ဘူးသီးတောင်ဂေါက်ကွင်း၌အင်အား ၂၀ ခန့် နှင့် ဘာသာရေးကျောင်းအနီး၌အင်အား၂၀ ခန့် တစ်နေကုန်ကင်းပုန်းဝပ်ကာ စောင့်ကြည့်ခဲ့ပြီးမှ ကျေးရွာများကို ဝင်ကာဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ၁၉ ရက် နှင့် ၂၀ ရက်တို့တွင်လည်း စကခ(၁၅) လက်အောက်ခံ ခမ၇ ၃၅၃၊ ၅၃၅၊ ၃၅၂နှင့် ၃၄၅စသည့် တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ငကျိုင်တောက်မွတ်ဆလင် ကျေးရွာမှ၃၃ ဦး၊ တပ်မချောင်း မွတ်ဆလင် ကျေးရွာမှ ၅၅ ဦး၊ ပုဇွန်ချောင်း မွတ်ဆလင် ကျေးရွာမှ၁၃ ဦး၊ လက်ဝဲတက်(သစ်/ဟောင်း)ကျေးရွာမှ ၄၀ ဦးခန့် နှင့် ကျောက်ဖြူတောင် ကျေးရွာမှ လူငယ် အနည်းဆုံး ၁၀ ဦးခန့် စုစုပေါင်း ၁၅၀ ဦး ခန့် ဖမ်းဆီးခံခဲ့၇သည်။

၄င်းကျေးရွာသားများကို ခမ၇ (၃၅၂)၊ (၃၅၃) နှင့် (၃၄၅)တပ်ရင်းများတွင် ဖေဖော်ဝါရီလ  ၂၀  ရက်မှာ စတင်ကာသင်တန်းပို့ချနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည်ယခုကဲ့သို့ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုမထမ်းပါက ထပ်မံ ဖမ်းဆီးအုံးမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေသည့်အတွက်  လူငယ်များ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းလည်း သိ၇သည်။

၇ခိုင်တွင်တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီက ထိခိုက်သေဆုံးမှုများနေချိန် ယခုကဲ့သို့မွတ်ဆလင်များအား ၄င်းတို့စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တပ်ထဲသွင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီးရခိုင် နှင့် မွတ်ဆလင်ကြား ပဋိပက္ခလှုံ့ဆော်ရန်၊ လူသားဒိုင်းကာ အဖြစ် အသုံးချရန်ဖြစ်သည်ဟုလည်း မွတ်ဆလင် ရွာလူကြီးတစ်ဦးက ပြောသည်။

"သူတို့က စစ်ပွဲမှာ ရခိုင်တွေကို ခေါ်ရင် မယုံရလို့ ပဋိပက္ခဖြစ်ဖူးတဲ့လူမျိုးခြား ကျနော်တို့ကို အသုံးချနေတာပါ။ အနုနည်းနဲ့လက်မခံတော့ အတင်းအဓမ္မဖမ်းလာတဲ့သဘောပါပဲ။ကျနော်တို့ အေးအေးချမ်းချမ်းပဲ နေချင်တာပါ။ ကျနော်တို့အတွက် ပြေးစရာလည်းမရှိပါဘူး။အခု အသက်ကြီးတွေ၊ ရောဂါသည်တွေကိုလည်း မရှောင်တော့ဘူး။ ဖမ်းနေတာပါပဲ "ဟု ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က မောင်တောမြို့၊ မြို့သူကြီး နခခ(၅) တပ်ရင်းတွင် တပ်မမှူး သူရိန်ထွန်း၊ခရိုင် အုပ်ချုပ်ရေးမှူး နေဦးတို့က မောင်တောမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီများကို အစည်းအဝေး ခေါ်ယူခဲ့ယူပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းမည်ဆိုလျှင်လက်နက် တပ်ဆင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိ၇သည်။

ယင်းသို့ ပြောကြားမှုများအား လက်မခံသည့်အတွက် ယခုကဲ့သို့ မွတ်ဆလင်လူငယ်များအားအတင်းအဓမ္မ စစ်မှုထမ်းရန် ဆွဲခေါ်ခြင်းဖြစ်နိုင်ကြောင်း မွတ်ဆလင်များက သုံးသပ်ကြသည်။

ယင်းအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ ကျောက်တလုံး မွတ်ဆလင်ကယ်ဆယ်ရေး စခန်းမှလည်း အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ အမျိုးသားဦးရေစာရင်းကို ကောက်ယူသွားပြီး   လူပေါင်း၁၅၀ စစ်မှုထမ်းရန်လည်း ဖိအားပေးထားကြောင်း သိ၇သည်။ (NN-7)

(ဓာတ်ပုံ- ပုံဟောင်း)

#ဘူးသီးတောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.