တိုက်ပွဲများပြင်းထန်နေသာ ရခိုင်ပြည်၊ရမ်းဗြဲမြို့သို့ ၇ဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာပို့သော စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA) က ဝင်တိုက်၍စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင့်ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ကဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည်၇ဟတ်ယာဉ် (၄) စီးဖြင့်စစ်ကူများလာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းစစ်ကူအင်အားမှာစုစုပေါင်းအင်အား(၁၂၀) ခန့်ရှိ ပြီး ၇ဟတ်ယာဉ် (၄) စီးဖြင့် (၇) ကြိမ်တိုင်တိုင်စစ်ကူချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းစစ်ကူ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်မှတိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ကျော်ကိုချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရက္ခိုင့်တပ်တော် မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။
အဆိုပါစစ်ကူ စစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်ခလ၇ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမ၇ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး ၎င်းတပ်ရင်းနှစ်ရင်းမှလက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
စစ်ကောင်စီသည်ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်း ပြုလုပ်လျက် ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိလူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု သိ၇သည်။
ရက္ခိုင်ဒေသအတွင်း၌ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း၊ တစ်နည်း စစ်ကောင်စီ၏အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါ တိုက်ပွဲအတွင်းရန်သူ့အလောင်းမြောက်မြားစွာနှင့်အတူရန်သူ့လက်နက်ခဲယမ်းပစ္စည်း အများအပြားကို မိမိတို့မှသိမ်းဆည်းရမိခဲ့ပြီး ရန်သူ၏ တစ်နေ့လုံးနီးပါး တောက်လျှောက်မရပ်မနား လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှအဆိုပါရန်သူ့စစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပုံစာ- ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရမ်းဗြဲမြို့သို့ စစ်ကူပို့လာသော အင်အား(၁၂၀) ခန့်ပါ ရန်သူ့ စစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှချေမှုန်းတိုက်ခိုက်စဉ်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင်ပစ္စည်းများ