ရခိုင်ပြည်နယ်၊မာန်အောင်ကျွန်းရှိ မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်းကို စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းအဖြစ် အသုံးပြုရန် စစ်ကောင်စီကတိုးချဲ့ ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီကမာန်အောင် စမုံတဲ လေယာဥ်ကွင်းတွင် ထောက်ပို့လေယာဥ်များနှင့်တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဆင်းသက်နိုင်ရန်အတွက်စီစဉ်နေပြီး လေယာဉ်ကွင်းကိုအုတ်တံတိုင်းများကာရံနေကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“အခုက မာန်အောင်လေယာဥ်ကွင်းနဲ့ဘောလုံးကွင်းကို ၆ ပေလောက် အမြင့်ရှိတဲ့ အုတ်တံတိုင်းအမြန်ဆုံးပြီးအောင် ကာနေကြတယ်။ သင်္ဘောဝင်လာရင် ဘိလပ်မြေအိတ်တွေက လေယာဉ်ကွင်း အုတ်တံတိုင်း အတွက်ပဲ။ ကျနော်တို့ ကြားမိတာကအဲဒီနေရာတွေကို စစ်ဘက်အတွက် အသုံးပြုမယ်လို့ကြားသိ၇ပါတယ်” ဟုပြောသည်။
ယခုရက်ပိုင်းတွင်လည်း မျှော်တော်ဦး ရေတပ်စခန်းသို့ စစ်၇ဟတ်ယာဥ်များ ဆင်းသက်မှုများနေသည် ဟုလည်း မာန်အောင်မြို့ခံတစ်ဦးကပြောဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာမာန်အောင်ကို ရဟတ်ယာဥ်တွေ တော်တော်ဆင်းတယ်။ တစ်ရက်မှာ၂ စီး၊ ၃ စီး ဆင်းကြတယ်။ မျှော်တော်ဦး ရေတပ်ကို ဆင်းတာ။ ရိက္ခာလာဖြည့်တာလား၊လူလာဖြည့်တာလားတော့ အတိအကျ မသိနိုင်ဘူး။ တစ်စီး ဆင်းရင်တစ်စီးက အပေါ်ကနေ စောင့်ကြည့်တာတွေရှိတယ်” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသည် ရမ်းဗြဲ၊ကျောက်ဖြူနှင့် တောင်ကုတ်မြို့တို့ အထိ ကျယ်ပြန့်လာနေပြီးစစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းကပါ အင်အားအများကြီးသုံးပြီးအသည်းအသန် ကာကွယ်နေ၇သည်။
“အခုက ဘယ်လိုစီစဥ်နေကြလဲဆိုတော့လေယာဥ်ကွင်းတို့မှာ စစ်ဘက်ရေးရာ လေယာဥ်တွေ ဆင်းဖို့စီစဥ်နေတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်ရင် ၅ မိနစ်အတွင်း အဲဒီနေရာကိုရောက်နိုင်လို့လို့ ပြောကြတယ်။ ကျောက်ဖြူတို့၊ ရမ်းဗြဲနဲ့ တောင်ကုတ်တို့ကိုမကျရအောင် လေကြောင်းနဲ့ အဓိက တိုက်ခိုက်မယ်လို့ သိ၇တယ်” ဟုပြောသည်။
လက်ရှိရခိုင်တွင်စစ်ကောင်စီက တိုက်ပွဲများကို ခံစစ်ဖြင့်သာ ခုခံကာကွယ်တိုက်ခိုက်နေရပြီးမြေပြင်တိုက်ပွဲများထက် လေကြောင်း၊ ရေကြောင်းဖြင့်အများဆုံး တိုက်ခိုက်နေခြင်းဖြစ်သည်။
ရခိုင်ရှိတိုက်ပွဲဖြစ်ပွားရာနေများသို့ မကွေးလေတပ်၊ မှော်ဘီ၊ပုသိမ်နှင့် နေပြည်တော်လေတပ်တို့မှ တိုက်ခိုက်ရေးလေယာဥ်၊ ဂျက်ဖိုက်တာ၊ထောက်ပို့လေယာဥ် အစရှိသည်များဖြင့် လာရောက်တိုက်ခိုက် ဗုံးကြဲနေခြင်းဖြစ်သည်ဟု သိ၇သည်။
ယခုမာန်အောင် စမုံတဲလေယာဉ်ကွင်းကို စစ်ဘက်ဆိုင်ရာအဖြစ် အသုံးပြုသွားရန်ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများနှင့် မာန်အောင်မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရသဖြင့် သီးခြားအတည်ပြုချက်တော့ရယူနိုင်ခြင်း မရှိသေးပါ။
အဆိုပါ မာန်အောင်စမုံတဲ လေယာဉ်ကွင်းတွင် ရန်ကုန်- မာန်အောင်နှင့်စစ်တွေ- မာန်အောင်အကြား လေယာဉ်ငယ်များပြေးဆွဲ ဆင်းသက်ခဲ့သော်လည်း စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ လေယာဉ်ပြေးဆွဲခြင်းကို ရပ်နားထားခဲ့သည်ဟု သိရှိ၇သည်။(NN-3)