Preview

သံတွဲ ငပလီမှ လူငယ် ၁၁ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီမှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်

ဖေဖော်ဝါရီ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :3885
ရခိုင် သတင်း

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ ရပ်ကွက်တစ်ခုမှ လူငယ် ၁၁ဦးကိုပြည်သူ့စစ်မှုထမ်းရန် စစ်ကောင်စီမှ အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေမြို့၊လင်းသာရပ်ကွက်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့ ည ၉နာရီ အချိန်ခန့်က ကြံ့ခိုင်ရေး စည်းရုံးရေးမှူးနှင့်စည်းရုံးရေးတာဝန်ခံများကဦးဆောင်ပြီး ရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုငပလီမြို့ဒေသခံသတင်းအရင်းအမြစ်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနေ့ကည၉နာရီလောက်ကကြံ့ခိုင်ရေးအဖွဲ့ဝင်တွေနဲ့ စစ်သားတွေပူးပေါင်းပြီး ရပ်ကွက်ထဲကို ရုတ်တရက် ဝင်လာပြီးခေါ်သွားတာ။ ၁၂ယောက်မှာတစ်ယောက်က ပြေးလို့လွတ်လာတယ်။ မနေ့ ညကတည်းက လင်းသာရပ်ကွက်ကနေ စပြီးဆွဲ နေတာ" ဟုပြောသည်။

ယင်းအပြင် ယနေ့ဖေဖော်ဝါရီ၂ရရက်နေ့ နံနက် ၈နာရီခန့်က ငပလီမြို့ရှိ ရပ်ကွက်များဖြစ်သည့်ဂျိတ္တော ရပ်ကွက်၊မြပြင်ရပ်ကွက်၊ လင်းသာရပ်ကွက်၊ ဂေါ့ရပ်ကွက်၊ စပါးကြီးနှင့် ဇီးဖြူကုန်းစသည့် ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ၏ ခမ၇ (၅၆၆)တပ်ရင်းမှ အစည်းအဝေးခေါ်ယူသွားသည်ဟုငပလီဒေသခံနောက်ထပ်တစ်ဦးကနိရဉ္စရာကိုပြောသည်။

" ကျနော်တို့ ကြားတာက ပြည်သူ့စစ်အတွက် အရင်ကအာဏာမသိမ်းခင်က စာရင်းပေးထားတဲ့ သူတွေကို အစည်းအဝေး ခေါ်တယ်ကြားတယ်။ အုပ်ချုပ်ရေးမှုးတွေပါတယ်။ ငပလီမြို့ရပ်ကွက်တိုင်းမှာ အရင်တုန်းက စာရင်းပေးထားတဲ့ လူတွေ နည်းနည်းစီ ရှိတယ်။ အဲ့ဒီ လူတွေကို စာရင်းကောက်နေတယ်။  တစ်ရပ်ကွက်ကို ၂၀လောက် စာရင်းထဲမှာပါမယ်ထင်တယ် " ဟု ပြောသည်။

ဖမ်းဆီးခံရသူများကိုငပလီအခြေစိုက်  ခမ၇၅၆၆တပ်ရင်းနှင့် ခလ၇ ၅၅တို့တွင် ထိန်းသိမ်း ထားသည်ဟုဒေသခံများကပြောသည်။

ပြည်သူ့စစ်ကို သံတွဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူး(အငြိမ်းစား)  ဦးအောင်နိုင်ဦး မှ ဦးဆောင်၍လုပ်နေခြင်းဖြစ်သည်ဟု သံတွဲဒေသခံများကပြောသည်။(NN-11)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.