Preview

မင်းပြား “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်အတည်ပြုထုတ်ပြန်

ဖေဖော်ဝါရီ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :2209
ရခိုင် သတင်း

(ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအားသိမ်းဆည်း၇မိ)

ရက္ခိုင့်တပ်တော်(AA)သည် မင်းပြား မြို့နယ်ရှိ“အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း”ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ အတည်ပြု ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂ရ) ရက် ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”(သို့မဟုတ်)"တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း" အား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်၊ ညနေ (ရ) နာရီ အချိန်ခန့်တွင် သင်တန်းကျောင်းတစ်ခုလုံးအားအလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်သည်”ဟု ဖော်ပြသည်။

တိုင်းဗဟို(၉) ဟုခေါ်သော အဆိုပါ စစ်ကောင်စီသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ရ)ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရန်သူ၏လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့်လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်းရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်းတိုင်းဗဟို (၉) အား ရန်သူ့ဘက်မှ လက်လွှတ်လိုက်၇ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါသင်တန်းကျောင်းအတွင်းမှ ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအားသိမ်းဆည်း၇မိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုင်းဗဟို(၉) ကျောင်း ထိုးစစ်အောင်ပွဲအတွင်းသတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက် စွန့်လွှတ်ခဲ့ရသော သူများ အားလုံးကို ရက္ခိုင့်တပ်တော်မှလေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟုလည်း ဖော်ပြသည်။

ယခင်ရက်များကမိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန်အတွက် မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိ၇သည်။ 

#မင်းပြား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.