ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားမှုအပေါ် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပင် အံ့အားသင့်ခဲ့ရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 10.9k

ရက္ခိုင့်တပ်တော် (AA) စစ်စွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းရည် မြင့်မားမှု အပေါ် ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပင် အံ့အားသင့်ခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအတွင်းက ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

   ကျွန်တော်နဲ့ ဆက်သွယ်နေတဲ့  ဘင်္ဂလာစစ်တပ်က Brigadier General အဆင့် တစ်ယောက် ရှိပါတယ်။ ရခိုင်စစ်ပွဲတွေကို သတင်းယူနေတဲ့သူ။ နယ်စပ်မှာ မြန်မာစစ်တပ်က ဒီလောက် အခိုင်အမာတည်ဆောက်တဲ့စခန်းတွေကို အေအေက ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ်  သိမ်းပိုက်နိုင်သလဲဆိုပြီး သူတို့က အံ့အားသင့်နေကြတယ်ဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသည့် နှုံးဗူးဗျူဟာ၊ တရွန်အိုင်ဗျူဟာ၊ ခန်ခတောင်စခန်း၊ ခမောင်း၀ စခန်း၊ ဒုံးညို စခန်း၊ ဝါးနက်ရုံဗျူဟာ၊ တောင်ပြို လက်ဝဲနှင့် လက်ယာ ဗျူဟာမြောက်စခန်း၊ ဗောဓိကုန်းစခန်း များအပါဝင် ပလက်၀ဒေသနှင့် ရခိုင်ပြည်အတွင်းရှိ စခန်းပေါင်း ၂၀၀ နီးပါးကို ၃ လကျော်အတွင်း ထိုးစစ်ဆင်ကာ အပြီးသတ် သိမ်းပိုက်ခဲ့သည်။


အဲဒီဗိုလ်မှူးချုပ်ပြောတာက ဘင်္ဂလာ-မြန်မာ နယ်စပ်တစ်လျှောက်မှာ မြန်မာစစ်တပ် စခန်းပေါင်း ၄၈ ခုကို အေအေက သိမ်းပိုက်လိုက်တယ်လို့ ပြောတယ်။ သူပြောတဲ့ စခန်းအ​​ရေအတွက်နော်။ တချို့ စစ်စခန်းတွေဆိုရင် အင်အား လူပေါင်း နှစ်ရာ၊ သုံးရာအထိ ရှိတယ်။ လက်နက်ကြီးတွေ၊ ခေတ်မီ အမြောက်ကြီးတွေလည်း ခိုင်ခိုင်မာမာ တပ်ဆင်ထားတယ်။ တိုက်ပွဲဖြစ်ရင် စစ်တပ်က လေယာဉ်တွေနဲ့ ပါ တိုက်ခိုက်ခဲ့သေးတယ်။ ဒီကြားထဲက စစ်တပ်စခန်းတွေ တစ်ခုပြီး တစ်ခု အေအေက သိမ်းသွားတဲ့ အပေါ်မှာ အဲဒီ ဗိုလ်မှူးချုပ်က တော်တော်ကို အံ့အားသင့်နေတယ်။ ဘာကြောင့် ဒီလောက်ထိ တိုက်ရည် ခိုက်ရည်တော်နေရတာလဲဆိုပြီး မေးလာတယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ လဆန်းပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို လက်ဝဲနှင့် လက်ယာ ဗျူဟာမြောက်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်စဉ် စစ်ကောင်စီက လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ စစ်ကူတိုက်ခိုက်ပေးခဲ့သော်လည်း ၎င်းစခန်းများသည် ရက္ခိုင့်တပ်တော်လက်ထဲကို တစ်ပတ်အတွင်း ကျရောက်သွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်အမည်ခံ မြန်မာစစ်သား ၃၀၀ ကျော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဖရိုဖရဲ တပ်ပျက်ကာ ထွက်ပြေးခဲ့ကြရသည်။

ထိုသို့ ထွက်ပြေးခဲ့ရသည့် မြန်မာစစ်တပ်အပေါ် တွင်လည်း  ဘင်္ဂလာဒေ့ရှ် စစ်တပ်သာမက ဘင်္ဂလာ လူထုကလည်း များစွာ အထင်သေးသွားခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် ရခိုင်ဒေသခံတစ်ဦးက ဒီနေ့အချိန်မှာတော့ ဒီဘက်က လူတွေ တော်တော်အမြင် ပြောင်းလဲကုန်တယ်။ Arakan ArmyArakan Army ဆိုပြီး တော်တော်နာမည်ကြီးသွားတယ်။ တိုက်ပွဲတိုင်းနိုင်နေတော့ ရက္ခိုင့်တပ်တော်ကို တော်တော်ချီးကျူးနေကြတယ်။ ဘင်္ဂလာလူထုကလည်း အေအေကို အရမ်း အထင်ကြီးနေတာကို တွေ့နေရတယ်ဟုပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒေသအတွင်း သတင်းစာများတွင်သာမက အင်္ဂလိပ်လို ရေးသားသည့် Dhaka TribuneThe Daily Star နှင့် The Financial Express တို့တွင်လည်း သတင်းများရေးသားဖော်ပြနေကြသည်။

ရက္ခိုင့်တပ်တော်( AA)သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၃ လကျော်တိုက်ပွဲအတွင်း ခရိုင် ၂ ခု (မြောက်ဦးနှင့် ပလက်၀ ခရိုင်)၊  မြို့ပေါင်း ၉ မြို့ ( ပလက်၀၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီနှင့် တောင်ပြိုမြို့တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့သည်။

၎င်းပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊  ပုဏ္ဏားကျွန်း ရမ်းဗြဲမြို့တို့ရှိ တပ်ရင်း၊ တပ်ဖွဲ့စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ စခန်းများကို တစ်ခုပြီး တစ်ခုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။ 

အင်အားအများဖြင့် တပ်စွဲထားသည့် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်း ကိုလည်း ဖေဖော်ဝါရီ ၂၆ ရက် ညနေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး မြို့တော် စစ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မည့် အခြေအနေတွင် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။  

ဆက်စပ် သတင်းများ