ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဖေဖော်ဝါရီလကုန်လျှင် စစ်တွေမြို့ကို AA တိုက်မည်ဟု သတင်းများထွက်နေသောကြောင့် သိန်းနှင့်ချီ‌သော ဒေသခံပြည်သူများ မြို့ကိုစွန့်ခွာနေကြ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 11.2k

ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေကို ယခုလ ဖေဖော်ဝါရီလကုန်လျှင်ရက္ခိုင့်တပ်တော်(AA)မှ ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့်မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ေထိုင်သောသိန်းနှင့်ချီသည့် ဒေသခံပြည်သူများသည် စစ်ဘေးဒဏ်လွှတ်နိုင်မည့်နေရာများသို့ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု စစ်တွေဒေသခံများက ပြောသည်။

ဒီလဆန်းပိုင်းလောက်ကနေ ဖေဖော်ဝါရီလကုန်ရင် စစ်တွေကို အေအေက ဝင်သိမ်းတော့မယ်ဆိုလို့ ပြေးနေကြတယ်။ လူတွေက တစ်ရက်ထက် တစ်ရက်လျော့လာတယ်။ အခုက လေယာဥ်နဲ့ ပြေးတာထက် အခုက လွတ်မြောက်နယ်မြေတွေကို ပြေးတဲ့သူတွေများနေတယ် ဟု ပြောသည်။

မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် စစ်တွေမြို့ထဲကို ဝင်မလာနိုင်ရန် တစ်ခုတည်းသော ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန် းမင်းချောင်းတံတားကို မိုင်းခွဲဖြတ်တောက်ပြီးနောက် ပြည်သူများအကြား ပို၍ စိုးရိမ်စရာဖြစ်လာခဲ့သည်ဟု စစ်ရေးအခြေအနေကို လေ့လာနေသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြော ဆိုသည်။

မြို့ရဲ့ တစ်ခုတည်းသော ထွက်ပေါက် အမြင့်ကျွန်း မင်းချောင်းတံတားကို မိုင်းခွဲပြီး ချိုးပစ်တယ်။ ဒါက မြို့ထဲက လူတွေကို တိုက်ပွဲဖြစ်ရင် ထွက်မရအောင် ဓားစာခံသဘောမျိုးဖြစ်အောင်လုပ်လိုက်တာ။ ဒီလို လုပ်လိုက်တဲ့အတွက် တိုက်ပွဲဖြစ်လာရင် ဘယ်သူမှ ရှောင်တိမ်းလို့ မရတော့ဘူး။ ဒါကြောင့် မြို့ထဲကလူတွေရော၊ နယ်ကလူတွေပါ အကုန် ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးနေကြတာပါဟုပြောကြားသည်။

စစ်တွေမြို့တွင် အရပ်သားများသာမက စစ်တပ်အရာရှိ မိသားစုများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၏ မိသားစုအများအပြားမှာလည်း မြို့ကို စွန့်ခွာသွားကြပြီဟု သိရှိရသည်။

ထို့အပြင် လက်ရှိတွင် ရက္ခိုင့်တပ်တော်က ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသောကြောင့် ပုဏ္ဏားကျွန်းမြို့တွင်ရှိသည့် မဟာဓာတ်အားလိုင်းခွဲရုံတွင် လက်နက်ကြီးကျ၍ စစ်တွေမြို့တွင်လည်း မဟာဓာတ်အားလိုင်းမှ ရရှိနေသော လျှပ်စစ်မီးလည်း မရတော့ဟု သိရသည်။

စစ်တွေမြို့မှာက ဘယ်လိုဖြစ်နေလည်းဆိုတော့ အင်တာနက်ရော၊ ဖုန်းလိုင်းတွေပါ ဖြတ်ထားတယ်။ Mytel ကဒ်နဲ့ပဲ နည်းနည်းဆက်သွယ်လို့ရတာ။ အခု မီးပါပြတ်သွားတော့ ဖုန်းအားဖြည့်ဖို့လည်း မပြေတော့ဘူး၊ ဆီစျေးတွေကလည်းကြီးတယ်။ ဒါကြောင့် သတင်းစီးဆင်းမှုက မရှိတော့ဘူး။ ဘယ်မြို့မှာ ဘာဖြစ်နေလည်း မသိတော့ဘူး။ လူတွေလည်း တိုက်ပွဲဖြစ်လာမယ်ဆိုလို့ ပြေးနေကြပြီ။ ညနေ နာရီလောက်ဆိုရင် လမ်းမှာ လူတွေ သိပ်မတွေ့ရတော့ဘူး။ နာရီလောက်ဆိုရင်တော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်ဟု နောက်ထပ်မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် လူဦးရေ သုံးပုံ တစ်ပုံခန့်သာ ကျန်တော့ပြီး ထိုသူများသည် ဘေးလွတ်ရာနယ်မြေများသို့ ထွက်ပြေးရန် ငွေကြေးအခက်အခဲရှိသူများ၊ သက်ကြီးရွယ်အိုးများနှင့် သူတို့ကို စောင့်ရှောက်နေကြသူများ၊ သူခိုးသူဝှက်ရန်ကို ကြောက်၍ အိမ်စောင့်နေသူများသာ ကျန်တော့ကြောင်း နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ဘုတ်တွေ၊ လှေတွေနဲ့ ပြေးကြတယ်။ စစ်တွေကနေ လွတ်မြောက်နယ်မြေတောင် မဟုတ် သေးဘူး  ဟိုဘက်ကမ်းကို ရောက်ဖို့အတွက် အနည်းဆုံး လူတစ်ယောက်ကို ငါးသောင်းလိုတယ်။ ဒီလောက်ကိုတောင် မတတ်နိုင်တဲ့သူတွေကတော့ မပြေးနိုင်ကြဘူး။ ပြီးတော့ အခုက ပြေးဖို့က မြစ်ကို ဖြတ်ပြေးရတဲ့ နည်းတစ်ခုပဲရှိတယ်ဟု ပြောသည်။

ယင်းသို့ စစ်တွေမြို့မှ ထွက်ပြေးနေသူများကို စစ်ကောင်စီက ပြေးခွင့်မပေးဘဲ စစ်တွေမြို့ အရှေ့ဘက်ကမ်း ကုလားတန်မြစ်ကမ်းတစ်လျှောက်တွင် စစ်သားနှင့် ရဲသားများက အခိုင်အမာ ဘန်ကာများ တည်ဆောက်ကာ ရပ်စောင့်နေသည်များ ရှိနေသည်ဟု မြို့ခံများကပြောကြသည်။

ထို့ကြောင့် စစ်တွေမြို့ခံများမှာ နေ့ဘက်တွင် ထွက်ပြေးမရသည့်အတွက် ညဘက်တွင် စက်လှေငယ်များဖြင့် မြစ်ကို ခိုးကူးရ၍ အလွန်အန္တရာယ်များကာ ထွက်ပြေးသည်တောင် အသက်ရင်းပြီး ထွက်ပြေးနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီက လက်နက်ကိုင်ချင်းချင်း တိုက်နေသည့် တိုက်ပွဲတွင် ပြည်သူများကို ရှောင်တိမ်းခွင့် မပေးခြင်းမှာ ပြည်သူကို လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားခြင်းနှင့် တူသည်ဟုလည်း သူက ဆက်ပြောသည်။

တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့ စစ်ကောင်စီက လူထုကို ဓားစာခံဖမ်းမှာ သေချာတယ်။ လက်နက်ကိုင်ချင်း စီးချင်းထိုးစစ်ဆင် တိုက်ခိုက်ကြမယ့်ကိစ္စမှာ လူထုကို ဘေးလွတ်ရာကို ရှောင်တိမ်းခွင့်က ပေးသင့်တယ်။ ကြောက်လို့ပြေးတဲ့သူကို ပိတ်ပင်တားဆီးတာက ဓားစာခံဖမ်းတာပဲဟုပြောသည်။

ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေများသို့ ထွက်မပြေးနိုင်လျှင် စားနပ်ရိက္ခာများ ကြိုတင် ပြင်ဆင်ထားခြင်း၊ မိမိပတ်ဝန်းကျင်ရှိ ခိုင်ခန့်သော အဆောက်အအုံများတွင် ခိုလှုံနိုင်ရန် ပြင်ဆင်ထားခြင်းနှင့် ထွက်ပြေးရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု လူမှုကူညီရေးလုပ်နေသူတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ထွက်မပြေးနိုင်ဘဲ ကျန်နေသူအများစုမှာ ငွေကြေးအခက်အခဲအပြင် ထွက်ပြေးခွင့်ကိုပါ စစ်ကောင်စီက ပိတ်ပင်ထား၍ တိုက်ပွဲဖြစ်ပွားမည်ဆိုလျှင် ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ပြည်သူများထွက်ပြေးရန် လမ်းကြောင်းဖွင့်ပေးသင့်သည်ဟု စစ်တွေမြို့ခံများက တောင်းဆိုနေကြသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည့် ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စစ်စခန်း၊ ရဲကင်း၊ ကာကင်း၊ ဗျူဟာကုန်း၊ တပ်ရင်းကြီးများနှင့် မြို့ကြီး မြို့အပါဝင် မြို့ မြို့ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် အမ်းတို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီ မြို့သိမ်း တိုက်ပွဲများကိုလည်း ဆင်နွှဲလျက်ရှိနေသည်။ (NN-3)

ဆက်စပ် သတင်းများ