ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်သုံ့ပန်း ထောင်ချီဖမ်းဆီးမိထားပြီး ကောင်းမွန်စွာစောင့်ရှောက်ထားဟု AA ပြော


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

ရခိုင်နှင့် ပလက်ဝဒေသတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်သုံ့ပန်းထောင်ချီ ဖမ်းဆီးရမိထားပြီး ၎င်းတို့အား ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ  ဦးခိုင်သုခက ပြောသည်။

 ယင်းအထဲတွင် ရာဇဝတ်မှုများကျူးလွန်ခဲ့သူများလည်း ပါဝင်ပြီး ၄င်းတို့အား အာရက္ခပြည်သူ့အစိုးရ၏ တရားရေးဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဆိုသည်။ 

 

"သက်ဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်သူတွေအနေနဲ့လည်း သူတို့ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံမှု ရှိရမှာ ဖြစ်တယ်။ အာရက္ခပြည်သူ့အစိုးရက အကျူးလွန်ခံရတဲ့ ပြည်သူတွေ တရားမျှတမှုရဖို့အတွက် အစွန်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်"ဟု ပြောသည်။ 

 

ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စခန်းအလိုက် ရာနှင့်ချီပြီး ရက္ခိုင့်တပ်တော်ထံ လက်နက်ချသူများရှိသလို စစ်ကောင်စီကို မကြိုက်၍ လက်နက်များနှင့် အတူ ထွက်ပြေးလာပြီး ပူးပေါင်းလာသူများလည်း ရှိကြောင်း သိရသည်။

 

အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့လည်း ထောင်ဂဏန်းခန့်ရှိသည်။




ရက္ခိုင့်တပ်တော်( AA)သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၃ လကျော်တိုက်ပွဲအတွင်း စကခ (၉) အပါအဝင်း တပ်ရင်းအများအပြား၊ ဗျူဟာကုန်းများ၊စစ်စခန်းများ စုစုပေါင်း ၂၀၀ ထက်မနည်းကို သိမ်းပိုက်ထားသည်။


ဖမ်းဆီးခံထားရသူများအထဲတွင် ဗိုလ်မှူးချုပ်အဆင့်မှ တပ်သားအထိ ပါဝင်ပြီး အများစုမှာ အောက်ခြေစစ်သားများဖြစ်ကြောင်း သိရှိရသည်။

 

တိုက်ပွဲများအတွင်း နှစ်ဖက် အကျအဆုံးများရှိခဲ့သော်လည်း တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

 

၎င်းပြင် ရက္ခိုင့်တပ်တော်သည် ခရိုင် ၂ခု (မြောက်ဦးနှင့် ပလက်ဝ ခရိုင်)၊ မြို့ပေါင်း ၉ မြို့ ( ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီနှင့် တောင်ပြိုမြို့တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့သည်။


၎င်းပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲမြို့တို့ရှိ တပ်ရင်း၊ တပ်ဖွဲ့စခန်းများ ကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ် ကောင်စီ၏ စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင် ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန် ထားသည်။

 

သို့သော် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားသည့် မင်းပြား၊ ကျောက်တော်၊ ပလက်၀ မြို့နယ်တို့ကို လေကြောင်းမှလာရောက်ဗုံးကြဲ တိုက်ခိုက်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

 

ရခိုင်ပြည်သူများအပေါ် ကျူးလွန်နေသည့်စစ်ရာဇဝတ်မှုများအတွက် စစ်ကောင်စီတာဝန်ယူရမည်ဟု ရက္ခိုင့်တပ်တော်(AA) ပြော ခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

 

"အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အခု အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီဟာ တာဝန်ယူကို ယူရမှာဖြစ်တယ်"ဟု ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!