ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရန်ကုန်ကားဂိတ်တွင် ဖမ်းဆီးခံရသူ မြေပုံမြို့နယ်မှ ၁၄ ဦးထဲက အမျိုးသမီးငယ် ၉ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေး၊ ကျန် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 20.4k

ရန်ကုန် အောင်မင်္ဂလာ ကားဂိတ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်  ရခိုင်လူငယ် ၁၄ ဦး အထဲက အမျိုးသမီးငယ် ၉ ဦးအား ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသမီးငယ် တစ်ဦးအပါအဝင် ကျန်လူငယ် ၄ ဦးကို ဆက်လက် ဖမ်းဆီးထားသည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လွတ်လာသူများမှာ မမိုးထက်သူ၊ မစိုးမြင့်မော်၊ မချစ်ဆန်းခင်၊ မအေးချစ်တင်၊ မအေးသီဒါ၊ မအေးချမ်းဝင်း၊ မဖြူဖြူစိုး၊ မချိုချိုသန်းနှင့် မစုလင်းရွှေတို့ဖြစ်ကြသည်။

မခင်သန်းနွယ်၊ ကိုရဲဝင်းလှိုင်၊ ကိုဖြိုးထူးစံ၊ ကိုဦးဝင်းကျော်၊ ကိုဘိုစောဟိန်းတို့ဖြစ်ကြသည်။

“ မိန်းခလေးတစ်ယောက်နဲ့ ယောက်ျားလေး ၄ ယောက်ဖြစ်ပါတယ်။ မိန်းခလေးတစ်ဦးဖြစ်တဲ့ မခင်သန်းနွယ်က ရခိုင်ကို မပြန်ဘဲ အေမှာ နေပါမယ်လို့ ရခိုင်လိုပြောတာကို အေအေမှာနေမယ်လို့ နားလည်မှုလွှဲပြီး ဆက်ဖမ်း ထားတယ်လို့ သိရပါတယ်”ဟု ၎င်းက ပြောကြားသည်။

ရခိုင်စကားတွင် အေမှာနေမည်ဆိုသည်မှာ ဗမာလို ဒီမှာ နေပါမည်ဟု အဓိပ္ပါယ်ရပြီး ရခိုင်သို့ မပြန်ဘဲ (အေ) ရန်ကုန်တွင် နေပါမည်ဟု ပြောဆိုသည်ကို အေအေမှာနေမည်ဟု နားလည်မှုလွှဲပြီး ဆက်ဖမ်းထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြပြောဆိုသည်။

“အခု ကျန်တဲ့ ၅ ယောက်ကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဆက်ဖမ်းထားပါတယ်။ ခလေးတွေကို လှိုင်သာယာ တပ်မ(၅)လို့ ဖမ်းဆီးထားတယ်လို့  စုံစမ်းသိရှိရပါတယ် ယောက်ျားလေး ၄ ယောက်ကို စစ်မှုထမ်းဖို့ အတင်းထည့်မှာကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။ လွှတ်ပေးလိုက်တဲ့ မိန်းခလေး ၉ ဦးကိုလည်း ခံဝန်ကတိနဲ့ ရန်ကုန်မှာရှိတဲ့ ရွာသားတွေက သွားထုတ်ခဲ့ရပါတယ်” ဟုပြောဆိုသည်။

၎င်းတို့ ၁၄ ဦးသည် တစ်ခြား ရခိုင်ကို ပြန်ကြမည့် ခရီးသည်များနှင့် အတူ  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် (၉) နာရီအချိန် ခရီးသည်တင် အောင်စစ်ခိုင်ဘတ်စ်ကား (၂) စီးနှင့် ရခိုင်သို့ပြေးဆွဲနေသော ခရီးသည် တင်ကား (၃) စီးဖြင့် ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကွင်းမှ အထွက် ရွှေပြည်သာလမ်းမပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကား ၃ စီးပေါ်တွင် ရခိုင်လူမျိုး (၁၀၀) ကျော်ပါရှိပြီး ၎င်းတို့အထဲမှ အမျိုးသမီး ၈၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်အမျိုးသားများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဟု တစ်ခြား သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို ပြောဆိုလာပါသည်။

လွတ်လာသူ အမျိုးသမီးများ (သို့မဟုတ်) မိသားစုများနှင့် ဆက်သွယ်မေးမြန်း၍ မရသဖြင့် ၎င်းသတင်းကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ဆက်စပ် သတင်းများ