စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့မ စျေးကြီးတွင် လက်နက်ကြီးကျ၍ လက်ရှိတွင် သေဆုံးသူ ၁၂ ဦးအထိရှိလာ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းကို AA က သိမ်းပိုက်ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီသည် စျေးကြီးထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ဟုဆို)

စစ်တွေမြို့ရှိ၊ မြို့မစျေးကြီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျတန်းတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ လက်ရှိတွင် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရသူ ၃၁ အထိရှိလာနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကို နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာတွင် သူက “သေဆုံးသူက ၁၂ ယောက်ဖြစ်သွားပါပြီ။ ဆေးရုံရောက်ပြီးမှလည်း သေကြတာတွေပါပါတယ်။ တချို့ဆို ခါးတွေပါ ပြတ်ပြီး သေသွားကြတာ။ ပေါင်တွေပြတ်၊ လက်တွေ ပြတ်ထွက်သွားကြတဲ့သူတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ခေါင်းမှာ ပဲ့ထွက် နေတဲ့သူတွေလည်းရှိတယ်။ အခု ၃၁ ယောက်ပါ။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်” ဟုပြောသည်။

လက်ရှိတွင် သေဆုံးသူ ၁၂ ဦးကို ဆေးရုံရှိ ရင်ခွဲရုံ(အအေးခန်း)တွင် ထည့်ထားပြီး လောလောဆယ်တွင် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဟု သူကဆက်ပြောသည်။

“သူတို့တွေကို ရင်ခွဲရုံပို့ထားလိုက်ပြီ။ မိသားစုတွေလည်း ရောက်နေကြတယ်။ သေတာကတော့ မြို့ပေါ်က လူများပါတယ်။ စစ်တွေနယ်က လူတွေလည်း ပါတယ် ပြောတယ်” ဟုပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က စစ်တွေပွိုင့်အနီးရှိ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် စျေးကြီးအနီးရှိ ကိုးရီးယားဆိပ်ကမ်းပျံကျစျေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်ရှိ ဦးမောင်မောင်သန်း ပွဲရုံတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။


လက်နက်ကြီးကျည်ကျရောက်ပုံကို ကိုယ်တိုင်မြင်လိုက်ရသူ တစ်ဦးက “ ပစ်တာကတော့ ပုဏ္ဏားကျွန်းဘက်ကို ပစ်နေတာ။ စျေးကြီးထဲကို ကျတဲ့ အလုံးက ကျတော့ မူမမှန်ဘူး။ လာကတည်းက ဝှေ့ယမ်းပြီး လာတာ။ ကျနော်တို့လည်း စျေးထဲကျတော့မယ်လို့ ပြောနေရင်းနဲ့ပဲ အဲဒီဘုရားနားက ဆောက်လက်စ သုံးထပ် တိုက်နားကိုကျတာ။ သွားကြည့်တော့ အဲဒီတိုက်လည်း ပြို၊ ဘေးနားက လူတွေလည်း ဒဏ်ရာရ။ သွေးပြင်ပဲ ကြည့်တော့။ ကူပါ၊ ကယ်ပါ အော်သူအော်။ ဒဏ်ရာရသူ ၅ ယောက်လောက်ကို ဆွဲထုတ်ပြီးတော့ စစ်သားတွေ၊ ရဲသားတွေလာကြတော့ ကျနော်လည်း ထွက်ပြေးလာလိုက်တယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိသွားပြီဟု သတင်းများ ထွက်ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူများရှိနေသည့် စျေးကြီးထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြားသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးပိုင်းများလည်း ပါဝင်ကြောင်း သိရသည်။

စစ်တွေတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ပုဏ္ဏားကျွန်းဘက်သို့ လက်နက်ကြီးများ ရေတွက် မရအောင် ပစ်ခတ်နေခဲ့ခြင်းဖြစ်ပြီး ညဥ့်အချိန်၌လည်း လက်နက်ကြီး သံအပြင် သေနတ် ပစ်ခတ်သံများပါ ကြားခဲ့ကြရသည်ဟု သိရသည်။

လက်ရှိ အချိန်၌ ပစ်ခတ်နေသော လက်နက်ကြီးပစ်ခတ်မှုမှာ ရပ်တန့်နေသည်ဟု ဒေသခံများက ပြောကြသည်။ (NN-3)

ဆက်စပ် သတင်းများ