တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

စစ်တွေတိုက်ခိုက်မှုသည် ဖက်ဆစ်စိတ်ဓာတ်ဖြင့်သတ်ဖြတ်နေခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူများအားလုံးကို စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု ULA/ AAမှသတိပေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်မြို့တော် စစ်တွေရှိ ကိုးရီးယားဆိပ်ကမ်းအား စစ်ကောင်စီ၏ ရေတပ် သင်္ဘောတစ်စီးမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်  အပြစ်မဲ့ရခိုင်ပြည်သူ ၁၂ ဦးသေဆုံးသွားပြီး အပြင်းစား ဒဏ်ရာရရှိသူ ၃၁ ဦး၊ အလတ်စား ဒဏ်ရာရရှိသူ ၅၀ နီးပါးအထိရှိကာ ၊ စုစုပေါင်း ၈၀ ဦးခန့် ပြင်းထန် ဒဏ်ရာများ ရရှိသွားသည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် စစ်တွေမြို့နှင့် စစ်တွေမြို့ အနီးပတ်ဝန်းကျင် အနီးတဝိုက်၌ မည်သည့် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိပါဘဲ အများပြည်သူလူထု စျေးရောင်းစျေးဝယ်၊ လူစည်ကားနေသော အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ယခုကဲ့သို့ လူအစုလိုက် အပြုံလိုက် သေဆုံးစေရန် တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်း လက်ရဲဇက်ရဲကျူးလွန်လိုက်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းအပြင် " ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးနေသော အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို စစ်တွေ တိုက်ခိုက်မှုအား တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ်ပြီး မိမိတို့အနေဖြင့်လည်း ရက္ခိုင်ပြည်သူများ အပေါ်  စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက် နေသူများကို စိစစ်ဖော်ထုတ် ဖြစ်သည်ဟု ဖော်ပြထားသည်။

မြောက်ဦးက အပြစ်မဲ့ပြည်သူ ၇ ဦးကိုလည်း သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ယနေ့တွင်ပင် စစ်ဆေးဖော်ထုတ်ခဲ့ပြီဖြစ်ကြောင်းနှင့် ဆက်လက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကိုလည်း ဆက်လက် ဖော်ထုတ်မည်ဖြစ်ကြောင်း သတိပေးထားသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးနားချင်း နိုင်ငံများမှ ဝိုင်းဝန်းဆန့်ကျင့်တားဆီးပေးကြရန် ရက္ခိုင့်တပ်တော် AA မှ တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် တပ်ရင်း၊ တပ်မ၊ ဌာနချုပ်များ တစ်ခုပြီးတစ်ခု ကျဆုံးပြီး မြို့တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရကာ စစ်ရှုံးနေခြင်းကို လက်မခံဘဲ အရှက်ရ ဒေါသ အမျက်ထွက်လျှက် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်ဓါတ်ဖြင့် ပြည်သူများအား လက်နက်အားကိုး၍ သတ်ဖြတ်နေသော စစ်ကောင်စီသည် အများပြည်သူ သွားလာနေထိုင်ရာ မြို့၊ ရွာ၊ နေအိမ်များ၊ ဈေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် လမ်းတံတားများအား ပစ်မှတ်ထား တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ပေါ့ပေါ့တန်တန် မနေထိုင်ကြဘဲ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်လည်း ရက္ခိုင့်တပ်တော် AA မှ အလေးအနက် တိုက်တွန်းထားကြောင်းလည်း သိရသည်။(NN-11) 


ဆက်စပ် သတင်းများ