သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

(မောင်တောမြောက်ပိုင်း တိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီအလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်)

ရက္ခိုင့်တပ်တော် (AA)မှ  ထိုးစစ်ဆင် တိုက်ခိုက်နေသော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက် ယမန်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အထဲတွင် “ ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်း တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို ယနေ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

၎င်းအပြင် “စစ်ကောင်စီဘက်က  ၎င်းတပ်ရင်း မကျဆုံးစေရန်အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေသော်လည်း ရက္ခိုင့်တပ်တော်မှ သတ္တိပြောင်မြောက်စွာဖြင့် တိုက်ခိုက်နေမှုကြောင့် ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်” ဟုလည်း ဆက်လက် ဖော်ပြထားသည်။


ပုဏ္ဏားကျွန်းမြို့သည် ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှ ၂၁ မိုင်ခန့် အကွာတွင် တည်ရှိပြီး ခမရ (၅၅၀)သည် ကုလားတန်မြစ် လက်ဝဲ လက်ယာတွင် တစ်ခုတည်းသော ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ရင်းဖြစ်သည်။

၎င်းတပ်ရင်းကို သိမ်းပိုက်ပြီးပါက စစ်တွေမြို့ ဧရိယာအနည်းငယ်မှအပ  ကုလားတန်မြစ်ကြောင်း  တစ်လျှောက်သည် (အိန္ဒိယနယ်စပ်တရောက်ထိ) ရက္ခိုင့်တပ်တော်က ထိန်းချုပ်မှု နယ်မြေအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းကလည်း  ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း-ရန်အောင်ပြင် ကားလမ်းထက်တွင် စစ်ကောင်စီ စစ်ကြောင်း တစ်ခုနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲသည် ဖေဖော်ဝါရီလ (၂၈) ရက်၊ ညနေ (၄) နာရီ (၂၀) ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ အလောင်း (၇) လောင်းနှင့် ၎င်းတို့၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် ကစဉ့်ကလျားထွက်ပြေးနေသော၎င်း စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်မှ လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းအပြင် ရန်သူ၏ လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းလျက်ရှိသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ