Preview

ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူထုကိုပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ

မတ် ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :10657
ရခိုင် သတင်း

ရခိုင်စစ်မြေပြင် တိုက်ပွဲတိုင်းတွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ကို လက်ရုံးရည်ဖြင့် မယှဉ်နိုင်တော့ရာမှအပြစ်မဲ့ ရခိုင်ပြည်သူများကို ဦးတည်ပြီးလေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာနေကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များကပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ၂၉ ရက်နေ့ည ၁၁နာရီခွဲခန့်က မင်းပြားကိုမြို့နယ် အမ်းသားရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၁)စီးဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့်လူနေအိမ် ၄  ဆောင် ပျက်စီးခဲ့ရသည်ဟုအမ်းသားရွာမှ ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

"  ညဉ့်အချိန်မှာနီးနီးကပ်ကပ် ဗုံးလာချသွားပါတယ်။ အိမ်မှာလူမရှိလို့လူတွေမထိခိုက်သွားဘူး။အိမ် ၄ ဆောင်းလုံး၀ပြိုသွားတယ်။ နောက် အိမ် တွေက အိမ်ခေါင်မိုးပေါက်တာတွေ ထရံတွေ ပေါက်တာတွေ ဖြစ်သွားတယ်" ဟုပြောသည်။

စစ်ကောင်စီမှ ဗုံးလာကြဲသဖြင့်အမ်းသားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများက အသက်အန္တရာယ်ထိခိုက်လာမည်ကိုစိုးရိမ်သဖြင့်  ဘေးလွတ်ရာသို့ပြောင်း ရွေ့နေကြသည်ဟု၎င်းကပြောသည်။

" မြို့သိမ်းထားပေမယ့်ဒီလိုမကြာမကြာ လူနေရွာတွေကိုဗုံးလာကြဲလို့အခုရွာကလူတွေ အိမ်မှာမနေရဲတော့ဘူး။ အထုပ်အပိုးတွေ ပြင်ပြီးတခြားနေရာကိုပြောင်းနေကြတယ်" ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂ရ) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ  ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်တမင်တကာ ရည်ရွယ်ချက်ရှိရှိလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံ အများစု ထိခိုက်ပျက်စီးခဲ့ရပြီးဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ စစ်သုံ့ပန်းများ၊ ဆေးရုံဝန်ထမ်းများပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

ယင်းအပြင် ၎င်းနေ့  နံနက် (၁) နာရီခွဲခန့် အချိန်တွင်မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုရက္ခိုင့်တပ်တော်(AA)၏ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ၂၉ရက်နေ့က မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးအား စစ်ကောင်စီ၏ ရေတပ်ကိုးရီးယားဆိပ်ကမ်းမှ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်၍  အပြစ်မဲ့၇ခိုင်ပြည်သူ၁၂ ဦး သေဆုံးသွားပြီး ၈၀ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင်၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့်တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက်ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊စာသင်ကျောင်း၊ တိုက်တာ အဆောက်အအုံ များအား ပစ်မှတ်ထားတိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိသည်ဟုရက္ခိုင့်တပ်တော်မှထုတ်ပြန်ထားသည်။(NN-11) 

#စစ်ကောင်စီ#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.