ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က အမ်းမြို့အဝင်ကားလမ်းများကို ဘက်ဟိုးများဖြင့်ထိုးကာ သွားလာ၍ မရအောင်ဖျက်ဆီးထား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

အကြောက်လွန်နေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သည်  အမ်းမြို့ အဝင် ကားလမ်း ၃ ခုကို ဘက်ဟိုးများဖြင့် ထိုးကာ ကားများဖြင့် သွားလာ၍ မရအောင် ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အမ်းမြို့အတွင်းသို့ ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက်လာနိုင်သည့် ယူဆသော ရန်ကုန်-စစ်တွေ ကားလမ်းအပါအဝင်  လမ်းပိုင်း ၃ ခုကို  ဘက်ဟိုးများဖြင့် ထိုးဖျက်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" အမ်း-မအီဆက်သွယ်ထားတဲ့လမ်းပိုင်းရယ်။ တပ်တောင်နဲ့အမ်းကိုဆက်သွယ်ထားတဲ့လမ်းပိုင်းရယ်။ အမ်း-စစ်တွေလမ်းပိုင်းက လမ်းတွေကိုစစ်တပ်က ဖျက်ဆီးလိုက်ပြီဗျ။ လမ်းတွေကိုဘက်ဟိုးတွေနဲ့ ထိုးပြီးတော့ဖျက်လိုက်တာ" ဟု အမ်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

အမ်းမြို့တွင် အမ်း-စစ်တွေလမ်းပိုင်း၊ အမ်း- တပ်တောင်လမ်းပိုင်း ၊ အမ်း-မအီလမ်းပိုင်းနှင့် အမ်း-မင်းဘူးလမ်းပိုင်းတို့ရှိရာ ဗမာပြည်သို့ သွားရောက်နိုင်သည့် အမ်း-မင်းဘူးလမ်းပိုင်းမှလွဲ၍ ကျန်လမ်းပိုင်းသုံးခုစလုံးကို စစ်ကောင်စီကဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

" အမ်းမှာက လမ်းပိုင်းလေးခုရှိတာ။ မင်းဘူးလမ်းပိုင်းကလွဲပြီး ကျန်တဲ့လမ်းတွေ အကုန်လုံးစစ်တပ်က ဖျက်ဆီးလိုက်ပြီ။ အမ်း-မအီလမ်းပိုင်းမှာဆိုရင် ၆ မိုင်ကုန်းနားက လမ်းတွေအကုန် ဖျက်ဆီးလိုက်ပြီလို့ သိရတယ်။ ပြီးတော့ တပ်တောင်ကားလမ်းမှာဆိုလည်း လုံးရွာဘက်တွေမှာ လမ်းတွေ ဖျက်ပစ်လိုက်ပြီလို့ သိရတယ်"ဟု အမ်းမြို့နယ်ဒေသခံကပြောသည်။

စစ်ကောင်စီသည် အဆိုပါကားလမ်းပိုင်းနေရာများတွင် အလျားပေ ၁၀၀ နှင့် အနက်ပေ ၁၇ လောက်ရှိသည့်ကျင်းကြီးများ ဘက်ဟိုးဖြင့်တူးဖော်ကာ လမ်းကို ကားသွားလာ၍ မရအောင် ဖျက်ဆီးလိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

အမ်းမြို့ပေါ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံတပ်ရင်းများကို ရက္ခိုင့်တပ်တော် ဘက်က တိုက်ခိုက်မည်ဟု ကောလာဟလ သတင်းများထွက်ပေါ်နေသဖြင့် စစ်တပ်က အကြောက်တရားဝင်နေရာမှ လမ်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့တဝိုက်ကိုလည်း ရက္ခိုင့်တပ်တော်ဘက်က အင်အားအများအပြားဖြင့် ဝိုင်းဝန်း ပိတ်ဆို့ထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ​ဒေသခံများထံမှသိရှိရသည်။ ( NN-23)

ဆက်စပ် သတင်းများ