စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူ ကျောက်တလုံးမွတ်ဆလင်စခန်းမှ အမျိုးသား ၁၁၇ ဦးကို စစ်သင်တန်းပေးရန် ခမရ ၅၄၂ တပ်ရင်းထဲ အတင်းအဓမ္မခေါ်ယူသွားပြီ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ကျောက်တလုံး မွတ်လင်ဒုက္ခသည်စခန်းမှ အမျိုးသား ၁၁၇ ဦးကို စစ်သင်တန်းပေးရန် စစ်ကောင်စီက ခမရ ၅၄၂ တပ်ရင်းထဲသို့ အတင်း အကျပ်ခေါ်ယူသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား ဒုက္ခသည်အမျိုးသား ၁၁၇ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်မနက်ပိုင်းနှင့် ယမန်နေ့ဖေဖော်ဝါရီလ ၂၉ ရက်တို့တွင် စစ်ကောင်စီက အတင်းအကျပ် ခေါ်ယူသွားကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

" ကျောက်တလုံးစခန်းက အမျိုးသား ၁၁၇ ယောက်ကိုစစ်တပ်က အတင်း ခေါ်သွားပါပြီ။ခမရ ၅၄၂ ထဲကိုခေါ်သွားတာပါ" ဟု သူက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

စာရင်းကောက်ယူသွားရာတွင် ဒုက္ခသည် ၁၀၇ ဦးဖြစ်သော်လည်း စုစုပေါင်း ၁၁၇ ဦးကို အတင်းအဓမ္မ ခေါ်ယူသွားကြောင်း မျက်မြင်ဒေသခံများကပြောသည်။

" သူတို့လာမခေါ်ခင် တရက်က စစ်တပ်ကစခန်းကိုရောက်လာတယ်။ ၁၀၇ ဦးစာရင်း ကောက်ယူသွားတယ်။ အခုခေါ်သွားတာ စုစုပေါင်း ၁၁၇ ယောက်ခေါ်သွားပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးမှုများကြောင့် အဆိုပါ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူငယ်(၁၀)ဦးခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)ထံ ဝင်ရောက် ခိုလှုံသွားခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၇ ရက်က ရက္ခိုင့်တပ်တော်ထဲခိုလှုံသွားသူများ၏ မိသားစုဝင် ၇ ဦးကို ခမရ ၅၄၂ ဗျူဟာမှူးဝဏ္ဏအောင် ဦးဆောင်သည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

လက်ရှိ ခမရ ၅၄၂ ထဲ အတင်းအကျပ်ခေါ်ယူခံရသည့် မွတ်ဆလင်ဒုက္ခသည်များကို မိသားစုဝင်များက ထမင်း သွားပို့ပေးနေရသည်ဟုလည်း နောက်ထပ်ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

" သူတို့ကို တပ်ထဲမှာဆေးစစ်တယ်လို့သိရတယ်။ ဆေးမအောင်တဲ့ သူတစ်ယောက်က ပြန်ပြောပြလို့သိရတာပါ။ ပြီးတော့တပ်ထဲခေါ်ခံရတဲ့သူတွေအတွက် မိသားစုကထမင်းတွေ သွားပို့နေရတာတွေ တွေ့ခဲ့ရတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြည်သူများ ၏သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး အာဏာရှင်ပီပီ ကျင့်သုံးပြီးနောက်တွင် ရခိုင်ပြည်ထဲမှ မွတ်ဆလင်ဒုက္ခသည်များကိုလည်း စစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးမှု၊ ဖမ်းဆီးခေါ်ယူမှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

စစ်တပ်အရာရှိများကစစ်မှုထမ်းပြီးပါက နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ချွေးသိပ်ပြောဆို၍ တမျိုး၊ စစ်မှုမထမ်းပါက မိသားစုဝင်များအားလုံးဖမ်းဆီးပစ်မည်ဟု ခြိမ်းခြောက်၍တဖုံ မွတ်ဆလင် ဒုက္ခသည်များ အပေါ် အကျပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒုက္ခသည်များ၏ ပြောပြချက်အရ သိရသည်။(NN-23)

ဆက်စပ် သတင်းများ