စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

အင်အား ၇၀၀၀ ကျော်ခန့်ရှိသည့် ကရင် BGF အားလုံး စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး KNA အဖြစ် ရပ်တည်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 12.8k

အင်အား ၇၀၀၀ ကျော်ခန့်ရှိသည့် ကရင်နယ်ခြားစောင့်တပ် -BGF တပ်အားလုံးသည် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA)အဖြစ် ပြောင်းလဲ ဖွဲ့စည်း ရပ်တည်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။  

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် BGF တပ်နယ် (၄)ခုမှ တပ်နယ်မှူးများအားလုံး တက်ရောက်သည့် အစည်းအဝေးတွင် ထိုသို့ သဘောတူညီအတူတကွ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက အတည်ပြုပြောဆိုသည်ဟု ဒေသအတွင်းက မီဒီယာတစ်ခုဖြစ်သည့် KIC တွင် ဖော်ပြသည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီကပေးသည့် လစာနှင့် အထောက်အပံ့ကို မယူတော့ဘဲ KNA တပ်ဖွဲ့အဖြစ် သီးသန့်ရပ်တည် သွားမည်ဖြစ်ပြီး ကရင်အမျိုးသားအကျိုးကို လုပ်ဆောင်သွားမည်ဟု သိရသည်။



စစ်ကောင်စီတပ် လက်အောက်ရှိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားသည်။

လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိသည်။

လက်ရှိ တပ်ဖွဲ့ဝင်အင်အားမှာ ၇၀၀၀ (ခုနစ်ထောင်)ကျော်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။

BGF တပ်ဖွဲ့ဝင်များအားလုံး KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်ကိစ္စကို ယခုအချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ အချို့၌မူ KNA (ကရင်အမျိုးသားတပ်မတော်) တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သည့် ပိုစတာဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရှိရသည်ဟု သိရသည်။

NN-30/ Ref and Photo: Karen Information Center (KIC)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!