သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တောင်ဘက်ပိုင်း မြို့ ၅ မြို့တွင် တပ်ရင်း ၁၂ ခုသာရှိ၍ ဒေသခံများကို ပြည်သူ့စစ်စုဆောင်းကာ အင်အားဖြည့်တင်းရန် စစ်ကောင်စီ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

ရခိုင်ပြည်တောင်ဘက်ပိုင်း မြို့ ၅ မြို့တွင် စစ်ကောင်စီ တပ်ရင်း ၁၂ ခုသာရှိ၍ ဒေသခံများကို ပြည်သူ့စစ်စုဆောင်းကာ ရက္ခိုင့်တပ်တော် ( AA) ထိုးစစ်ဆင်လာပါက ခုခံရန် စစ်ကောင်စီက စီစဉ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

ရခိုင်တောင်ဘက်ပိုင်းရှိ တောင်ကုတ်၊သံတွဲ၊ ဂွ၊ အမ်းနှင့် ကျောက်ဖြူတို့တွင် စကခ(၅) လက်အောက်ခံ ခမရ (၁၀)ရင်းနှင့် အနောက်ပိုင်းတိုင်း (နပခ)  လက်အောက်ခံ ခလရ (၂) ရင်း စုစုပေါင်း ၁၂ ရင်းသာရှိသည်ဟု သိရသည်။ 

၎င်းတပ်ရင်းများမှာ တောင်ကုတ်တွင် စကခ(၅)၊  ခမရ ၃၄၆နှင့် ခမရ ၅၄၄၊  အမ်းတွင် ၃၇၁၊ ခမရ ၃၇၂ နှင့် ခမရ ၃၇၃ (အမ်း)၊ ကျောက်ဖြူတွင် ခမရ ၅၄၂၊ ခမရ ၅၄၃ ၊ ခလရ ၃၄ (ကျောက်ဖြူ)၊ ဂွမြို့တွင် ခမရ ၅၆၂ ၊ ခမရ ၅၆၃၊နှင့် ခမရ ၅၆၆၊ သံတွဲတွင်  ခလရ ၅၅  တစ်ရင်းသာရှိသည်ဟု သိရသည်။

တပ်ရင်း တစ်ရင်းတွင် စစ်သာအင်အား ၁၀၀ခန့်၊ စုစုပေါင်း ခန့်မှန်းအင်အား ၁၂၀၀ ခန့်ရှိနိုင်ပြီး တစ်ခြား ရဲအပါအဝင် အရန်အင်အားနှင့် ဆိုလျှင် ၂၀၀၀ ခန့် ရှိနိုင်သည်ဟု စစ်ရေးလေ့လာနေသူ တစ်ဦးက ပြောဆိုသည်။

ဒေသခံ တစ်ဦးက “ အခု သံတွဲမြို့နယ်မှာ ရွာတိုင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို စုဆောင်းနေတယ်။ မနေ့က ညဆိုရင်လည်း ရွာဆော်နဲ့ အော်သွားတယ်။ ရွှေလှေတိုက်နယ်၊ ကျောင်းကုန်းအုပ်စုက၊ ယောကျာ်းမှန်သမျှ ဒီကနေ့ အစည်းအဝေးတက်ရမယ်ဆိုပြီး အော်သွားပါတယ်” ဟု ပြောသည်။

ရွာဆော်ဖြင့် ကြေညာရာတွင် ကျောင်းကုန်းအုပ်စုရှိ ယောကျ်ားမှန်သမျှ မှတ်ပုံတင်ကို ယူဆောင်ပြီး ကျောင်းကုန်းစာသင်ကျောင်းသို့  နေ့လယ် ၁၂ နာရီ လာရမည်ဟု ပါရှိသည်ဟုလည်း ၎င်းက ပြောကြားသည်။

“ ရွာသားတွေကတော့ စိုးရိမ်တာပေါ။ ကိုယ့်ဟာနဲ့ကိုယ် ဒီမှာက တောင်ယာလုပ်၊ ငါးဖမ်း ရိုးရိုးသားနေကြတာလေ။ စစ်မှုထမ်းဖို့ သင်တန်း တက်ရမယ်ဆိုတော့ လူတွေက မလုပ်ချင်ပေမယ့် လုပ်ကြရဖို့ဖြစ်နေတယ်”ဟု ဆက်လက်ပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ပလက်၀ဒေမှ အစပြုပြီး ရခိုင်ပြည် မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့်မြို့များအားတစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေပြီး မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူ၊ အမ်းတို့တွင်လည်း နှစ်ဖက် စစ်ရေးတင်းမာနေသည်ဟု သိရသည်။  

၎င်းပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်း၊ မောင်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့တို့ရှိ စစ်ကောင်စီ စစ်စခန်းများကို  သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး များမကြာမီ ရခိုင်ပြည်တောင်ဘက်ပိုင်းသို့ ရောက်လာနိုင်သည်ဟု စစ်ကောင်စီက တွက်ဆထားသည်ဟု သိရသည်။

သို့အတွက် သံတွဲမြို့နယ်မှ ကျေးရွာအများအပြားတွင် စစ်မှုထမ်းရန် ကျေးရွာသားများကို စုဆောင်းနေပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက် တစ်ရက်တည်းတွင် သံတွဲမြို့မှ ဇလွန်ရွာအပါအဝင် ရေဖြူအိုင်၊ မဲနည်ကွင်း၊ ဂုန်းဇရက်၊ မဒေစသည့် ရွာ (၅)ရွာမှ ကျေးရွာများတွင် မဲနှိုက်ပြီး လူရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇလွန်ကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁၁နာရီခန့်က ကျေးရွာ အုပ်ချုပ်ရေးမှုး အပါအဝင် အရပ်ဝတ်ဖြင့် ကြံ့ခိုင်ရေးပါတီမှ အသက်ကြီးပိုင်းအမျိုးသား (၂) ဦးက ရွာမှ အမျိုးသားများကို အစည်းအဝေးရှိသည်ဟု ခေါ်ယူခဲ့ပြီး စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခဲ့သည်ဟု ဇလွန်ကျေးရွာဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောကြားခဲ့သည်။

" တစ်အိမ်တစ်ယောက် အိမ်ထောင်ဦးစီးအမျိုးသားတွေ အစည်းအ‌ ဝေးကို လာရမယ်ပြောတယ်။ အစည်းအဝေးကိုရောက်တော့ မှ လာတဲ့လူတွေကိုမဲနှိုက်ခိုင်းတယ်။ တစ်ခါထဲမဲနှိုက်ပြီး တခါတည်း ခေါ်သွားတာ။ အဲ့ဒီ အထဲက အယောက်၂၀ ကို ရွေးခေါ်သွားတယ် " ဟုပြောသည်။

ရွေးချယ်ခံရသူများကို စစ်သင်တန်း ၁၂ရက်ကြာ ပို့ချပေးမည် ဖြစ်သည်ဟု ဆိုသည်။


ဆက်စပ် သတင်းများ