စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်မှ တပ်တောင်မြို့ကို စစ်ကောင်စီ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 5.3k

စစ်ကောင်စီတပ် မရှိတော့သည့် အမ်းမြို့နယ်၊ တပ်တောင်မြို့ကို ယနေ့မတ်လ ၂ ရက် ၊ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်ကောင်စီက တပ်တောင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး တပ်တောင် အထက်တန်းကျောင်းနှင့် ပုလဲလုပ်ငန်းနေရာများအနီးဝန်းကျင်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း တပ်တောင်မြို့ခံတစ်ဦးနှင့်အဆက်သွယ်ရခဲ့သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"တပ်တောင်ကို လေယာဥ်နဲ့ဗုံးကြဲပစ်ခဲ့တယ်။ အထကကျောင်းနားနှစ်လုံးကျတယ်။ ပုလဲလုပ်ငန်းနားမှာ တစ်လုံးကျတယ်လို့သိထားရတယ်။ လူအထိအခိုက်အ​ခြေအနေတော့မသိရသေးဘူး" ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်သဖြင့် တပ်တောင်မြို့ အထက်တန်းကျောင်း မီးလောင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဆက်သွယ်၍ မရသဖြင့် အခြေအနေ အသေးစိတ်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။ 

တပ်တောင်မြို့ခံများကို နိရဥ္စရာက ဆက်သွယ်နေသော်လည်း ဖုန်းလိုင်းများပြတ်တောက်နေကြပြီး မေးမြန်း၍ မရနိုင်သေးပါ။

ယခင်က တပ်တောင်မြို့လယ်ခေါင် ဘုရားတောင်ပေါ်တွင် စစ်သားနှင့် ရဲများ တပ်စွဲခဲ့ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက် ၊ ညဥ့် ၁၂ နာရီနောက်ပိုင်းတွင် မြို့မှ လက်နက် အပြည့်အစုံဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်ကို မတ်လ ၁ ရက်နေ့ မနေ့ည ၁၁ နာရီ အချိန်တွင်  စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့်  ဗုံးကြဲခဲ့သဖြင့် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ (NN-23)

ဆက်စပ် သတင်းများ