အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီနေဗီက ယနေ့တွင်လည်း စစ်တွေကိုးရီးယားဆိပ်ကမ်းစျေးအနီးသို့ လက်နက်ကြီးဖြင့်ပစ်ခတ်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ရခိုင်ပြည်နယ် မြို့တော်၊ စစ်တွေမြို့ရှိ၊ မြို့မစျေးကြီး၊ ကိုးရီးယားဆိပ်ကမ်း ပျံကျစျေးအနီးသို့ ယနေ့တွင်လည်း စစ်ကောင်စီနေဗီက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည်ဟု ‌စျေးသည်များက ပြောကြသည်။

ယနေ့ မတ်လ ၂  ရက် နံနက် ၉ နာရီအချိန်ခန့်တွင် စစ်တွေမြို့တစ်ဘက်ကမ်း၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးတွင် ရပ်တန့်ထားသော စစ်ကောင်စီ နေဗီက စစ်တွေ၊ ကိုးရီးယားဆိပ်ကမ်း စျေးကြီးအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု စျေးသည်တစ်ဦးက ပြောသည်။

“မနက် ၉ နာရီလောက်မှာ သဲခုံဘက်က နေဗီက စျေးနားကို ပစ်တာ၊ လက်နက်ကြီးကျည် ရေထဲကိုကျတယ်။ ခြောက်လှန့် ပစ်တာလား။ တမင်ပစ်တာလား မသိဘူး။ ရေထဲလာကျတော့ စျေးရောင်းနေသူတွေရော၊ စျေးဝယ်နေသူတွေရော အကုန်လုံး ဖရိုဖရဲ ထွက်ပြေးကြတာပေါ့။ ဟိုတစ်နေ့ကလိုမျိုး စျေးထဲ လာကျမှာ စိုးလို့လေ” ဟုပြောသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ စျေးအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ စစ်တွေမြို့ပေါ်မှ ရာနှင့်ချီသော ဒေသခံပြည်သူများသည် ကိုးရီယားဆိပ်ကမ်း မြစ်နားဘက်မှနေ၍ မော်တော်ဘုတ် များဖြင့် မြို့ကို စွန့်ခွာ ထွက်ပြေးရန် ပြုလုပ်နေကြသောကြောင့် ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ကိုယ်တိုင် မြို့ကိုစွန့်ခွာရန် သွားခဲ့သူတစ်ဦးက ပြောသည်။

“ကျနော်တို့လည်း ကိုးရီးယားဆိပ်ကမ်းဘက်ကနေ ဟိုဘက်ကမ်းကူးမယ်လုပ်နေကြတာ။ အဲဒီအချိန်မှာ ပစ်တာ။  အရင် နေ့တွေတုန်းကလည်း လူတွေသွားကြတယ်။ ဒီနေ့ကတော့ လူအရမ်းများတယ်။ ဆံတော်ရှင် ဘုရားပွဲသွားရင် လူများတာကိုပဲ တွေးကြည့်တော့။ အဲလောက်ကြီးများတယ်။ ကျိတ်ကျိတ်တိုးပဲ။ ဒါကြောင့် နေဗီက မသွားရအောင် လက်နက်ကြီးနဲ့ ခြောက်ပစ်ခဲ့တာ ထင်ပါတယ်” ဟုပြောသည်။

စစ်‌ကောင်စီနေဗီမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးသည် ကိုးရီးယားဆိပ်ကမ်း၊ ပျံကျစျေးအနီးရှိ မြစ်ထဲတွင် ကျရောက်ခဲ့သည်ဟု သိရသည်။

အကယ်၍ မတော်တဆသာ လူအုပ်ရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့လျှင် ပြည်သူများ သေဆုံး၊ ဒဏ်ရာရနိုင်သည်ဟုလည်း စစ်တွေမြို့ခံများက ပြောကြသည်။

လက်ရှိတွင် စစ်ကောင်စီ နေဗီတစ်စီးသည် ပေါက်တောမြို့နယ်၊ သံခုံကျွန်းအနီးတွင် ရပ်တန့်ထားပြီး ကုလားတန်မြစ်လယ်တွင်လည်း စစ်ကောင်စီဇက်ရေယာဉ်တစ်စီး ရပ်တန့်ထားသည်ဟု ဒေသခံများက ပြောကြသည်။

ယမန်နေ့ကလည်း စစ်တွေ ပွိုင့်အနီးရှိ စစ်ကောင်စီရေတပ်၊ စစ်ကောင်စီ တပ်ရင်းများနှင့် နေဗီများမှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၉ ရက်က စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် စစ်တွေမြို့၊ မြို့မစျေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်း ပျံကျစျေးထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက်ကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၁ ဦးရှိခဲ့သည်။ (NN-3)

ဆက်စပ် သတင်းများ