ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရန်ကုန်တွင် ဖမ်းဆီးခံထားရသူများအထဲမှ နောက်ထပ်အမျိုးသမီး ၂၀ ခန့် ကို ရခိုင်သို့မပြန်ရ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

(အမျိုးသားထဲမှ လူငယ်တစ်ဦးတစ်ယောက်ကိုမှ ပြန်မလွတ်သေးသလို ညှဉ်းပမ်းနှိပ်စက်မှုများရှိဟုဆို)

ရန်ကုန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရာနှင့်ချီရှိသည့် ရခိုင်လူမျိုးများအထဲမှ နောက်ထပ် အမျိုးသမီး ၂၀ ခန့်ကို ရခိုင်သို့မပြန်ရ ခံဝန်ကတိဖြင့် မတ်လ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင်ရှိသည့်  စစ်တပ်ပိုင်နေရာတစ်ခုတွင်ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များထဲမှ အမျိုးသမီးငယ် ၂၀ ခန့်ကို မတ်လ ၁ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်ကားဖြင့် မြောက်ဥက္ကလာမြို့အနီးရှိ အဆောက်အဦတစ်ခုသို့ ခေါ်ယူလာပြီး ဆွေမျိုးများကို ၎င်းတို့အမည်၊ နေရပ် လိပ်စာ၊ မှတ်ပုံတင်ဖြင့် လာရောက်ခေါ်ယူခိုင်းခဲ့သည်ဟု ၎င်းက ပြောသည်။

“ ခန့်မှန်းရသလောက် အယောက် ၂၀ ပါမယ်ထင်တယ်။ မိန်းကလေးတွေပါ။ လေဆိပ်မှာ အဖမ်း ခံရသူရော၊  ကားဂိတ်မှာ အဖမ်းခံရသူရောပါတယ်။ သူတို့ကကားနဲ့ခေါ်လာပြီး မြောက်ဥက္ကလာမှာ ချထားတယ်။ ပြီးတော့ ချက်ချင်းမလွတ်သေးဘူး။ လက်ရှိနေတဲ့ ရန်ကုန်မြို့က အမျိုးတွေကို လာခေါ်ခိုင်းတယ်။ ရခိုင်ကို လုံးဝမပြန်ရဘူးတဲ့ စစ်သားတွေကအဲသလိုပြောတယ် “ ဟုပြောသည်။

ပြန်လွတ်ပေးသူများထဲတွင် အမျိုးသမီးများသာပါဝင်ပြီး အမျိုးသားအများစုကို လက်ရှိအချိန်ထိ ဖမ်းဆီးထားကြောင်း ၄င်းကပြောသည်။

“ ယောကျ်ားလေးတွေကိုဆိုရင် တစ်ယောက်မှ ပြန်လွတ်ပေးတာမရှိသေးဘူး။ သူတို့ကို ပိုပြီး စစ်ဆေး မေးမြန်းတယ်။ အေအေနဲ့ပက်သက်တာတွေကို မေးတယ်။ ဖုန်းထဲမှာ အေအေနဲ့ ပတ်သက်တာ၊ ရခိုင်နဲ့ ပတ်သက်တာတွေ တွေ့ရင် ရိုက်နှက်တာတွေရှိတယ်လို့ပြောတယ်။ အရမ်းသနားစရာကောင်းတယ်။ တချို့ကျရင် အမှောင်ခန်းထဲမှာထားပြီး စစ်ဆေးတယ်လို့ သိရတယ် “ ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူလူငယ်အများစုမှာ အသက် ၁၈နှစ်နှင့် အထက် အမျိုးသားများနှင့် အမျိုးသမီးများ ဖြစ်ကြပြီး ထိုအထဲတွင် ကျောင်းသူများ၊ စက်ရုံများတွင်အလုပ်လုပ်ကိုင်သူများ၊ ရန်ကုန်သို့ အလည်လာကြသူများ အများစုဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရန်ကုန်မြို့ အောင်မင်္ဂလာ ကားဂိတ်တွင်ဖမ်းဆီးခံရသည့် မြေပုံမြို့နယ်မှရခိုင်လူငယ် ၁၄ ဦးအနက် အမျိုးသမီး  ၉ဦးကို ပြန်လွတ်ပေးခဲ့ပြီး အမျိုးသမီးငယ် ၁ ဦး အပါအဝင် ကျန် ၅ ဦးကို ယခုအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ ရခိုင်အမျိုးသမီးအများအပြားကို စစ်ကောင်စီက ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း အရေအတွက်အတိအကျကို နိရဉ္စရာသတင်းဌာနအနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့က  စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ရန်ကုန်-စစ်တွေ၊ ရန်ကုန်-ကျောက်ဖြူ၊ ရန်ကုန်- သံတွဲသို့ ပြန်ကြသည့် လူငယ်အများအပြားကို စစ်ကောင်စီက  ရန်ကုန်လေဆိပ်နှင့် ရခိုင်ရှိ လေဆိပ်များတွင် ဥပဒေမဲ့ ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့တွင်လည်း လေယာဉ်ဖြင့် ပြန်လာသူ ရခိုင်လူငယ် ၁၀၀ ခန့်အား ဖမ်းဆီးထားပြီး လူအနည်းငယ်ကို ပြန်လွှတ်ကာ ကျန်အများစုကို ရမ္မာ၀တီခန်းမတွင် ပိတ်လှောင်ထားကာ ထမင်းမကျွေးဘဲထားသဖြင့် ကျောက်ဖြူတွင် ဆွေမျိုးရှိသူများအနေဖြင့် အဆင်ပြေသော်လည်း ဆွေမျိုးမရှိသူများမှာ စားသောက်ရေး အခက်အခဲများရှိနေကြောင်း သိရှိရသည်။

စစ်ကောင်စီမှ ယခုကဲ့သို့ မတရားဖမ်းဆီးမှုများ မြင့်တက်လာသဖြင့် ရခိုင်ပြည်သူလူထုအကြား စိုးရိမ်မှုမြင့်တက်နေသလို တည်ဆဲဥပဒေများကို ဆန့်ကျင်ပြီး အပြစ်တစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိသည့် ရခိုင်လူငယ်များအား စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်ပြီး ဖမ်းဆီးထားခြင်းအပေါ်  ခွဲခြားဖိနှိပ်မှုအဖြစ် ရှုမြင်သည်ဟု အမည်မဖော်လိုသူ စစ်တွေတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား တစ်ဦးက ပြောသည်။( NN-11)

ဆက်စပ် သတင်းများ