(၃ လကျော်တိုက်ပွဲအတွင်း ခရိုင်မြို့ကြီး ၂မြို့နှင့် မြို့နယ်ရ ခုကို ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားပြီ)
မတ်လ ၄ ရက်နေ့တွင်မြို့တော်အနီးရှိ ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်ပြီးနောက် ၃လကျော် တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်သည် ခရိုင်မြို့ကြီး ၂မြို့နှင့် မြို့နယ် ၇ ခုကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လုပ်ပြီဖြစ်သည်။
သိမ်းပိုက်ထိန်းချုပ်လိုက်သည့် ခရိုင်နှစ်ခုမှာ မြောက်ဦးခရိုင်နှင့်ပလက်၀ခရိုင်တို့ဖြစ်ကြပြီး မြို့နယ် ၇ မြို့နယ်မှာ ပလက်၀မြို့နယ်၊ ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့ဖြစ်ကြသည်။
ပုဏ္ဏားကျွန်းမြို့ အခြေစိုက်ခမ၇ (၅၅၀) တပ်ရင်းကို စစ်ကောင်စီက ကြည်း၊ ရေ၊လေဖြင့် အပြင်းအထန် ကာကွယ်နေသည့် ကြားထဲကရက္ခိုင့်တပ်တော် အာရက္ခစစ်သည်များက ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း မတ်လ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် “၂၀၂၄ ခုနှစ်၊မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့်"ခမ၇ (၅၅၀)” အားရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကြည်း၊ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခ စစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသောအကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်းတစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
လက်ရှိတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တပ်စခန်းများအပါအဝင်ဘူးသီးတောင်၊ ရသေ့တောင်မြို့ရှိ စစ်တပ် တပ်ရင်းများအနေဖြင့်လည်း ရက္ခိုင့်တပ်တော်၏ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး များမကြာမီ တစ်မြို့ပြီး တစ်မြို့ အေအေလက်ထဲ ကျရောက်သွားနိုင်ဖွယ်ရှိသည်ဟု ဒေသအတွင်းက စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။