တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်မှုထမ်းဥပဒေကြောင့် AA ထံခိုလှုံလာသူများကို ကာယကံရှင်သဘောဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုမထမ်းခိုင်းဟုဆို


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

(စစ်မှုထမ်းဥပဒေကြောင့် AA ထိန်းချုပ်နယ်မြေများသို့ ထွက်ပြေးခိုလှုံလာသူများရှိနေ)

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာ ဒေသများသို့ ခိုလှုံရန် ရောက်ရှိလာသူများအား ကာယကံရှင်၏သဘောဆန္ဒမပါဘဲ ရက္ခိုင့်တပ်တော်ထဲ စစ်မှုမထမ်းခိုင်းဟု ယမန်နေ့က သတင်း စာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောသည်။

မြန်မာစစ်တပ်၏စစ်မှုထမ်းဥပဒေကြောင့် ရက္ခိုင့်တပ်တော်ထိန်းချုပ်နယ်မြေများသို့ ခိုလှုံရန် ရောက်ရှိလာသူ လူငယ်များကို သာမန်ပြည်သူအနေဖြင့်လက်ခံလား(သို့မဟုတ်) စစ်မှုထမ်းအဖြစ်နှင့်မှ လက်ခံနေလားဟု သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ဦးခိုင်သုခက ထိုသို့ ဖြေကြားသွားခဲ့သည်။

AA ထိန်းချုပ်နယ်မြေများကိုခိုလှုံရောက်ရှိလာသူများကိုကောင်းမွန်စွာလက်ခံပေးထားပြီး ၄င်းတို့၏ သဘောဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုမထမ်းခိုင်းကြောင်း ဦးခိုင်သုခကပြောသည်။

"ကျွန်တော်တို့ဆီကိုရောက်လာတဲ့သူတွေကို ကျွန်တော်တို့ဆီမှာစစ်မှုထမ်းခိုင်းလားဆိုတာ တစ်ခုမေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ခါ သက်ဆိုင်ရာကာယကံရှင်ရဲ့ ဆန္ဒမပါဘဲနဲ့ ဘယ်သူတစ်ယောက်ကိုမှလည်း အတင်းအကျပ်စစ်မှုထမ်းခိုင်းတာမရှိပါ" ဟု ဦးခိုင်သုခကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးခိုလှုံလာသူများကို ရာဇဝတ်မှုကျူးလွန်ထားသူများကလွဲရင် အားလုံးကိုလက်ခံပေးနေကြောင်း၊ တတ်နိုင်သမျှကူညီစောင့်ရှောင်ထားကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

"ကျွန်တော်တို့က စစ်မှုထမ်းဥပဒေကြောင့်ဒုက္ခရောက် ပြီး ထွက်ပြေးလာတဲ့ဘယ်သူ့ကိုမဆို ။ဥပမာရာဇဝတ်မှုကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်ရင် လူကောင်းသူကောင်းဟူသမျှကို ကျွန်တော်တို့ကတော့ခါ အားလုံးကိုနေပြီးတော့ လက်ခံပါတယ်။ တတ်နိုင်သမျှ ကူညီစောင့်ရှောက်ထားလို့ရှိပါတယ်။" ဟုပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီက ပြည်သူများ၏သဘောဆန္ဒနှင့်ဆန့်ကျင်သည့် စစ်မှု မထမ်း မနေရဥပဒေကို စတင်ကျင့်သုံးဖို့ ကြေညာခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ရာမြို့များတွင် စစ်မှုထမ်း အတင်းအကျပ်စုဆောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင်းမှ မွတ်ဆလင်ဒုက္ခသည်များကိုလည်း မိသားစုများကို ဖမ်းဆီးမည်ဟု အကျပ်ကိုင်၍ အတင်းအဓမ္မခေါ်ယူကာ လက်နက်တပ်ဆင် စစ်သင်တန်းများ ပေးနေကြောင်း မွတ်ဆလင် ဒုက္ခသည်များက ပြောဆိုကြသည်။

စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးလာသူများကို လူမျိုးဘာသာမရွေးကောင်းမွန်စွာ လက်ခံထားပြီး အကူညီများပေးနေကြောင်းလည်း ဦးခိုင်သုခကပြောသည်။

စစ်မှုဥပဒေကြောင့် ရက္ခိုင့်တပ်တော်ထိန်းချုပ်နယ်မြေများသို့ ထွက်ပြေးခိုလှုံလာသည့် ပြည်သူအများစု ရှိသော်လည်း အရေအတွက်ကိုမူ မပြောဆိုနိုင်သည့်အနေအထားရှိနေသေးကြောင်း ဦးခိုင်သုခက ပြောသည်။(NN-23)

 

ဆက်စပ် သတင်းများ