ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ ခမရ (၅၅၀) စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် AA ဖမ်းဆီးရမိ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးရမိထားကြောင်း ဒေသခံများနှင့် အေအေနှင့် နီစပ်သူများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ ခမရ (၅၅၀) စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် သုံ့ပန်း (၁၀၀) ကျော်ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး လူဦးရေအတိအကျကို မသိရသေးကြောင်း အေအေနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"မနေ့က ကျနော့် မျက်စိရှေ့က ဖမ်းခေါ်သွားတာတော့ ၂၀ ကျော်ပါ။ အားလုံး ပေါင်းကတော့ ၁၀၀ ကျော်လို့ သိရတယ်။ တပ်ရင်းမှူးဖမ်းရထားပေမယ့် ဗျူဟာမှူး နဲ့ မြို့နယ်မှူး လွတ်နေသေးတယ်လို့ သိရတယ်"ဟု ပြောသည်။

လက်ရှိမှာ ခမရ (၅၅၀) မှ ဗျူဟာမှူး နှင့် ပုဏ္ဍားကျွန်းမြို့နယ်မှူးအပါအဝင် တပ်သားတချို့ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ၄င်းက ပြောသည်။

ယင်းအပြင် ဒေသခံတစ်ဦးကလည်း "မနေ့က တိုက်ပွဲမှာ စစ်သားတွေ ရာချီ ဖမ်းမိထားပြီး လက်နက်တွေလည်းအများကြီး သိမ်းမိတယ်လို့ တိုက်ပွဲကနိုင်ပြီး ပြန်လာတဲ့ အေအေတပ်သားတွေ ပြောပါတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရာ  စစ်ဘက်ဆိုင်ရာ ကိစ္စများဖြစ်၍ ထုတ်ဖော်ပြောဆို၍ မရနိုင်ကြောင်း ပြောသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန် ကာကွယ်နေသည့်ကြားမှ ရက္ခိုင့်တပ်တော်က ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့က ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ ၃လ ကျော်ကြာတိုက်ပွဲအတွင်း စစ်သုံ့ပန်း ထောင်ချီ ဖမ်းဆီးရမိထားကြောင်း ၄င်းတို့အား လိုအပ်သည့်ဆေးဝါးကုသမှုများ ပေးထားသလို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဦးခိုင်သုခက နိရဥ္စရာကို ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့ မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။(NN-7)

ဆက်စပ် သတင်းများ