အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် စစ်ကူလာသောစစ်ကြောင်းမှ လက်ကျန် စစ်သား ၃၀ ခန့်ကို AAတိုက်ခိုက်ချေမှုန်း


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ပြင်ချောင်းကြီး ကျေးရွာအနီး ကလိန်တောင်မြစ်ကမ်းတွင် စစ်ကူလာသော စစ်ကြောင်းမှ  စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ကို ရက္ခိုင့်တပ်တော်(AA) မှ ယနေ့တွင် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်ဟု ခိုင်လုံသော သတင်းရင်းမြစ်များက ပြောကြသည်။

ယနေ့ မတ်လ ၅ ရက် နံနက် အစောကြီး ညဥ့်အချိန် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အင်အား ၃၀ ခန့်ပါသော စစ်ကောင်စီတပ်သားများ နေဗီသို့ ဆင်းရန်သွားသည့်အချိန် ပြင်ချောင်းကြီးကျေးရွာအနီး ကလိန်တောင်မြစ်ကမ်းသို့ အရောက်တွင် ရက္ခိုင့်တပ်တော်မှ ဆီးကာ တိုက်ခိုက် ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။

“ပြင်ချောင်းကြီးရွာအနားက ကလိန်တောင်မြစ်ကမ်း တလျှောက်မှာ တိုက်ပွဲတွေ ပြင်းခဲ့ပါတယ်။ ညဥ့်အချိန်ကတည်းက ဖြစ်ခဲ့တာပါ။ စစ်သားတွေ နေဗီကို ဆုတ်တဲ့အချိန်မှာ ဖြစ်ကြတာပါ။” ဟုပြောသည်။

စစ်သား အင်အား ၃၀ ခန့်သည် ယမန်နေ့ မတ်လ ၄ ရက် ညဉ့် ၁၁ နာရီအချိန်ခန့်က ပြင်ချောင်းကြီး ရွာဦးနားတွင် တွေ့သော အသက် ၂၀ ခန့်အရွယ် ဒေသခံလူငယ်တစ်ဦးကို ကလိန်တောင်မြစ်တွင် ရပ်နားထားသော နေဗီသို့တပ်ဆုတ်ရန်အတွက် ကမ်းနားဘက်ကို သွားရန် လမ်းပြခေါ်ယူသွားပြီးနောက် များမကြာမီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ည ၁၁ နာရီလောက်က လူငယ်တစ်ယောက်ကို မြစ်နားပို့ပေးဆိုပြီးတော့ လမ်းပြခေါ်သွားတယ်။ သူလည်း လမ်းထက်ဝက်လောက်မှာ ကိုယ်လွတ်ရုန်းပြီးတော့ ထွက်ပြေးလို့ ခြေထောက်မှာတောင် ကျည်မှန်လာတယ်။ များမကြာပါဘူး ညဥ့် ၁၂ နာရီ ၄၀ လောက်မှာ RPG ပစ်သံကြားလိုက်တယ်။ အဲချိန်ကတည်းက တိုက်ပွဲဖြစ်ခဲ့တာ” ဟုပြောသည်။

တိုက်ပွဲသည် ညဥ့်အချိန်မှစ၍ ယနေ့ ညနေ့ ၄ နာရီကျော်ခန့်အထိ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နေဗီမှ လက်နက်ကြီးပစ်ကူများအပြင် နံနက် ၁၁ နာရီခန့်တွင် ရဟတ်ယာဥ်နှင့် နေ့ခင်း ၁ နာရီအချိန်တွင် ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားရာ မြစ်ကမ်းတလျှောက်လို့ လာရောက်ပစ်ကူပေးခဲ့သေးသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် တပ်ဆုတ်သော စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်မှာ အေအေထံတွင် ချေမှုန်းခံလိုက်ရပြီဟု ခိုင်လုံသော သတင်းရင်းမြစ်များက ပြောကြသည်။

အဆိုပါ စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က ရဟတ်ယာဥ်များဖြင့် စစ်ကူချပေးလာသော စစ်ကောင်စီ စစ်သား ၁၂၀ ဦး ထဲမှ လက်ကျန် ၃၀ ဦးခန့် ဖြစ်သည်ဟုလည်း ဒေသခံများက ခန့်မှန်းကြသည်။

ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက် နှစ်ရက်အတွင်းတွင် အင်အား ၆၀‌ ကျော် နှင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အင်အား ၂၀ ကျော်တို့ကို ရက္ခိုင့်တပ်တော်အေအေမှ ချေမှုန်းနိုင်ခဲ့သည်ဟုလည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားခဲ့သေးသည်။

ရမ်းဗြဲတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေဖြင့် အသည်းအသန် ခုခံ ကာကွယ်တိုက်ခိုက်နေရကာ လက်ရှိတွင် ရမ်းဗြဲ သိမ်တောင်ကုန်း၌ စစ်ကောင်စီတပ်သား အင်အား အနည်းအကျည်းခန့်သာ ကျန်တော့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!