ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိခဲ့ကြောင်း AA သတင်းထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 20.6k

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ စခန်းသိမ်းတိုက်ပွဲအတွင်း ခမရ (၅၅၀) တပ်ရင်းမှ  ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်နှင့်  ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ သတင်းထုတ်ပြန်သည်။ 

ရက္ခိုင့်တပ်တော်၏ သတင်း ထုတ်ပြန်ချက်အထဲတွင် “ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲ အတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့သည်” ဟု ဖော်ပြထားသည်။ 

၎င်းပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

ခမရ (၅၅၀) တပ်ရင်းသည် ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်စခန်းများထဲမှ တစ်ခုဖြစ်ပြီး ၎င်းတပ်ရင်းအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကတည်းကပင် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊  ရန်သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ ရက်ပေါင်း (၁၃) ရက်ကြာမြင့်သည်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ခမရ (၅၅၀) ကိုအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


ဤထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့လည်းရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို မိမိတို့မှ အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်၊ နံနက် (၈) နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူ ပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂) စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဇက်သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ဤသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် မိမိတို့အား အပြင်းအထန် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။  

ဆက်စပ် သတင်းများ