ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တောင်ဘက် ၉ မိုင်ခန့်အကွာတွင် AAနှင့်စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ဖြစ်နေ


  • ရေးသူ: Web Master (NN 11,NN 23)
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.9k

ရခိုင်ပြည်၊ တောင်ကုတ်မြို့နှင့် သိပ်မဝေးသည့် တောင်ကုတ်-သံတွဲ ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယနေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်းဒေသခံများကပြောသည်။

တောင်ကုတ်မြို့တောင်ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသည့် ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉ မိုင်တောင်အတက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့မနက် ၅ နာရီခွဲကျော်အချိန်က အဆိုပါနေရာတွင် တောင်ကုတ်မှထွက်လာသည့် စစ်ကောင်စီ ကားတန်းကို ရက္ခိုင့်တပ်တော်ဘက်က မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကြားသိရဟု ဒေသခံတစ်ဦးကပြောသည်။

" မုတ်နဲ့ ဘာယေနဲ့ကြားမှာ ၉ မိုင်တောင်အတက်လို့ရှိတယ်။အဲဒီမှာ တောင်ကုတ်ဘက်က လာတဲ့ စစ်ကားတွေကို AA တပ်တော်ဘက်ကမိုင်းဆွဲတယ်။ မိုင်းဆွဲပြီးတော့ တိုက်ပွဲဖြစ်နေကြတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

နံနက် ၈ နာရီဝန်းကျင်အထိ အနီးအနားကျေးရွာများ နှင့် အဆိုပါကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာများက လက်နက်ကြီးပစ်ခတ်သံများ ကျယ်ကျယ်လောင်လောင် ကြားနေရကြောင်းလည်း ဒေသခံများကပြောသည်။

ကမ်းဒေးကျေးရွာဒေသခံတစ်ဦးက" လက်နက်ကြီးပစ်သံလို ပေါက်ကွဲသံကြီးတွေ ဆက်တိုက် ကြားနေရတာ။ မုတ်နဲ့ဘာယေကြားမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာတော့သိထားရတယ်" ဟု ပြောသည်။

သက္ကပြင်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း" ဘာယေဖက်မှာဖြစ်တာတော့မှန်တယ်။ လက်နက်သံတွေ တော်တော်အကျယ်ကြီးကြားနေရတယ်။ အခု ၇နာရီခွဲအထိကြားနေရတုန်းပဲ" ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း တောင်ကုတ်မြို့သို့ပြန်ဝင်လာသည့် အင်အား (၅၀) ခန့်ပါရှိသော အိမ်စီးကား အမျိုးအစားတစ်စီးနှင့် စစ်ကား (၂) စီးကိုမုတ်ရွာအလွန်တွင် ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိခဲ့သည်။(NN-11/NN-23)

ဆက်စပ် သတင်းများ