ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တောင်ကုတ်တိုက်ပွဲမှ လက်နက်ကြီးပေါက်ကွဲသံများ သံတွဲမြို့နယ်ဘက်ကအထိ ကျယ်ကျယ်လောင်လောင်ကြားနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.7k

တောင်ကုတ်မြို့နှင့် ၉ မိုင်ခန့်အကွာတွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ ဖြစ်ပွားနေသည့်တိုက်ပွဲမှ လက်နက်ကြီး ပေါက်ကွဲသံများကို သံတွဲမြို့နယ်ဘက်ကပင် ကျယ်ကျယ်လောင်လောင် ကြားနေရကြောင်း ဒေသခံများကပြောသည်။

ယနေ့မနက် ၆ နာရီဝန်းကျင်ကပင် လက်နက်ကြီးပေါက်ကွဲသံကဲ့သို့ အသံများကို ယခုမနက် ၉ နာရီဝန်းကျင်ထိ ဆက်တိုက်ကျယ်ကျယ်လောင်လောင်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

သံတွဲမြို့နယ်မှ ဒေသခံတစ်ဦးက" အသံတွေကမိုးခြိမ်းသလို ဂြိမ်းခနဲစီကြားနေရတယ်။မနက်မိုးလင်းကတည်းက အခုထိပဲ။ကြားနေရတာ။ " ဟု ပြောသည်။

အဆိုပါပေါက်ကွဲသံများမှာ တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကောင်စီနေဗီစစ်သင်္ဘောက လက်နက်ကြီးပစ်ကူပေးနေခြင်းဖြစ်နိုင်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

" မြစ်ကနေဗီက လက်နက်ကြီးလှမ်းပစ်နေတာထင်တယ်။ ရွှေလှေဘက်ကထိ ကြားနေရတယ်။ မနက်ကတည်းက ပေါက်ကွဲသံကြီးတွေ ကြားနေရတာ" ဟု ပြောသည်။

တောင်ကုတ်မြို့ပေါ်တပ်ရင်းများကမူ လက်နက်ကြီးပစ်ခတ်မှုများမရှိသေးဟု တောင်ကုတ်မြို့ခံ တစ်ဦးကပြောသည်။

တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉ မိုင်တောင်အတက်တွင် ယနေ့မနက် ၆ နာရီဝန်းကျင်ကပင် AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

အဆိုပါနေရာတွင် တောင်ကုတ်ဘက်မှာလာသည့် စစ်ကားတန်းကို မနက် ၅ နာရီခွဲကျော်အချိန်က ရက္ခိုင့်တပ်တော်ကမိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(NN-23)

ဆက်စပ် သတင်းများ