ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့သို့ စစ်ကောင်စီအင်အား ၁၀၀ ကျော် ထပ်မံပို့ဆောင်အင်အားဖြည့်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

စစ်ကောင်စီက တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေပြီး ယမန်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို လေယာဉ်နှစ်စီးဖြင့် ပို့ဆောင် ဖြည့်တင်းခဲ့ကြောင်းမျက်မြင်မြို့ခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့မတ်လ ၅ ရက်၊ မွန်းလွဲပိုင်း ၁၂ နာရီခွဲတွင် ထောက်ပို့စစ်လေယာဥ်တစ်စီး၊ နေ့လယ် ၁ နာရီခွဲတွင် နောက်ထပ် ထောက်ပို့စစ်လေယာဥ်တစ်စီးတို့ ကျောက်ဖြူလေဆိပ်မှ တစ်ဆင့် အင်အား ဖြည့်ရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"မှော်ဘီနဲ့ နေပြည်တော် အထူးစစ်ဆင်ရေးအဖွဲ့ကလို့ သိရပါတယ်။ အင်အားက ၁၀၀ ကျော်လောက်ကို မနေ့က လေယာဥ်နဲ့ပို့လာတယ်။ ကျောက်ဖြူလေဆိပ်ကို ထောက်ပို့စစ်လေယာဥ်နဲ့ပို့တာ။ လေယာဥ်နှစ်စီးဆင်းတယ်။ မနေ့က " ဟု ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကျောက်ဖြူမြို့အ​ခြေစိုက် ခမရ ၅၄၂ နှင့် ခလရ ၃၄ တပ်ရင်းများသို့ပို့ဆောင်ထားကြောင်းလည်း သူကပြောသည်။

" အဲဒီတပ်ဖွဲ့ဝင်တွေကို ၃၄ တပ်ရင်းနဲ့ ၅၄၂ တပ်ရင်းနှစ်ခုခွဲပြီးပို့ထားတယ်လို့သိရတယ်" ဟု ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီခန့်ကစတင်ကာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာ ကုလဘာကျေးရွာအုပ်စုရှိ ၊ ငှက်ပျောချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှစ်ရက်ကျော်အကြာ ပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဗုံးကြဲ၊ နေဗီနှင့်တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ရာဂဏန်းနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများကပြောသည်။(NN-23)

ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။ (Ramree.com)

ဆက်စပ် သတင်းများ