ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မင်းပြား အမ်းသားရွာကို စစ်ကောင်စီမှ ထပ်မံ၍ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် လူနေအိမ်တစ်ချို့ပျက်စီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 462

ရခိုင်ပြည်၊ မင်းပြားမြို့နယ်  အမ်းသားစံပြကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ  စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်၍ အခြေခံပညာ စာသင်ကျောင်းအပါအဝင် လူနေအိမ်တချို့ ပျက်စီးသွားကြောင်းသတင်းရရှိသည်။

မင်းပြားမြို့နယ်၊အမ်းသားစံပြရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ ညဉ့် ၁၁နာရီ ၅၀ မိနစ် ဝန်းကျင်အချိန်ခန့်က ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်ဟု အမ်းသားကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ညဉ့် လူအိပ်တဲ့အချိန်မှ ရည်ရွယ်ချက်ရှိရှိလာကြဲတာ နီးနီးကပ်ကပ်ကပဲ ဗုံးလာချတာ ဒီအကြိမ်နဲ့ဆို ရွာကိုလာချတာ ၂ ကြိမ်ရှိပြီ" ဟုပြောသည်။

စစ်ကောင်စီ၏ဂျက်ဖိုက်တာမှ ချခဲ့သည့် ဗုံးလက်နက်မှာ အင်အားပြင်းပြီး မူလတန်း ကျောင်းတစ်ခုလုံး ပြိုပျက်သွာပြီး လူနေအိမ်တချို့တွင် နေအိမ်နှင့် ထရံများ ပေါက်ထွက်သွားကြောင်း ၎င်းကပြောသည်။


" စာသင်ကျောင်းတစ်ခုလုံးရစရာမရှိဘူး။ လူတွေအထိခိုက်မရှိလို့တော်သေးတယ်။ အိမ်တွေလည်း ခေါင်မိုးပေါက် ထရံပေါက်သွားကြတယ် " ဟုပြောသည်။

အမ်းသားစံပြကျေးရွာတွင် အိမ်ခြေ ၁၂၀ခန့်ရှိပြီး ရွာသူရွာသားများမှာလည်း စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်ကြောင့် နေအိမ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ည ၁၁နာရီခွဲခန့်ကလည်း   အမ်းသားစံပြရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ (၁)စီးဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် လူနေအိမ် ၄  ဆောင်  ပျက်စီးခဲ့ရသည်ဟု ရွာသားများကပြောသည်။

ရခိုင်စစ်မြေပြင် တိုက်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ကို လက်ရုံးရည်ဖြင့် မယှဉ်နိုင်တော့ရာမှ အပြစ်မဲ့ ရခိုင်ပြည်သူများကို ဦးတည်ပြီး လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာနေကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ( NN -11) 

 

 

ဆက်စပ် သတင်းများ