ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမရှိဘဲ စေတီပြင်ကျေးရွာကို ရသေ့တောင်စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရသေ့တောင်မြို့ပေါ်ရှိ စစ်တပ် တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ပစ်ခတ်သဖြင့် မတ်လ ၅ ရက်နေ့က လက်နက်ကြီးကျည် ၃ လုံး၊ မတ်လ ၆ ရက်နေ့ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“ ဒီလ ၅ ရက်နေ့ ည ၆ နာရီမှာ ၃ လုံးပစ်ပါတယ်။ တစ်လုံးက တိုက်နယ်ဆေးရုံရှေ့မှာကျပါတယ်။ နောက်တစ်လုံးက ယခင်နယ်ခြားစောင့်စခန်းဟောင်းရှေ့မှာတစ်လုံးကျပါတယ်။ နောက်တစ်လုံးက အနောက်တောင်အပိုင်းမှာ ကျပါတယ်။ လူအထိအခိုက်တော့ မရှိပါဘူး။ လေယာဉ်နဲ့ ပစ်တာမဟုတ်ပါ။ ရသေ့တောင်ကနေ ပစ်တာပါ”ဟု ပြောသည်။

ယမန်နေ့ မတ် ၆ ရက်နေ့ကလည်း ရသေ့တောင်မြို့ပေါ်တပ်ရင်းက လက်နက်ကြီး နှစ်လုံး စေတီပြင်ကျေးရွာကို ထပ်မံ ပစ်ခတ်ခဲ့သသည်ဟု သိရသည်။

“ မနေ့က ပစ်တဲ့လက်နက်ကြီးကျည်က စေတီပြင် အထက်တန်းကျောင်းဝင်းထဲမှာ ကျပါတယ်။ နောက်တစ်လုံးက လယ်ကွင်းထဲကျပါတယ်။ ရွာမှာက ဘာတိုက်ပွဲလည်း ဖြစ်တာမရှိဘူး။ ဘာကြောင့် ခုလို ပစ်တာလည်း မသိရပါဘူး”ဟု ပြောသည်။

လက်နက်ကြီးကျည် နှစ်ကြိမ်စလုံး ရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူအထိအခိုက် မရှိသော်လည်း ကျေးရွာသားများအနေဖြင့် လွန်စွာ စိုးရိမ်ထိတ်လန့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရသေ့တောင်မြို့ပေါ်တွင် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်း ၃ ရင်းရှိပြီး ရက္ခိုင့်တပ်တော်က ၎င်းတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ