ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရသေ့တောင်တိုက်ပွဲပြင်းထန်၊ မြို့ကို သိမ်းရန် လက်တစ်ကမ်းသာလို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းများအား ရက္ခိုင့်တပ်တော်( AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ကိုသိမ်းပိုက်ရန် လက်တစ်ကမ်းသာလိုတော့သည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ တပ်ရင်း ၂ ခုကို စွန့်ခွာပြီး ခမရ (၅၃၈)တွင် စုပြီး ခုခံနေကြသည်ဟု ဆိုသည်။

“အခု ကြားတာက အနီးကပ်ဖြစ်နေပြီလို့ကြားရပါတယ်။ ခုစစ်သားတွေက ၅၃၈ ကနေ ခုခံတယ်လို့  သိရပါတယ်။ ၅၃၆ မှာ ကျန်နေတဲ့ တပ်မ ၂၂ က စစ်သားအနည်းငယ်လည်း စခန်းကို စွန့်ခွာသွားပြီး ၅၃၈ မှာသွားပေါင်းတယ်လို့  သိရတယ်။  တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာက တစ်ရက်နှစ်ရက် ရှိနေပါပြီ” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ စစ်ကူပေးနေသော်လည်း များမကြာမီ ၎င်းတပ်ရင်းများအားလုံးကို သိမ်းပိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။


စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ်မြောက်ပိုင်းရှိ ရေစိုးချောင်းဗျူဟာ၊ ထီးစွဲဗျူဟာ၊ ဆောက်ခတ်အထိုင်စခန်း၊ မညင်းတောင်အထိုင်စခန်းများမှ စစ်သားများကို ရုတ်သိမ်းပြီး ရသေ့တောင် တပ်ရင်းများတွင် အားဖြည့်ထားခြင်းဖြစ်သည်။

ထိုအထဲမှ ရေစိုးချောင်းဗျူဟာကုန်းစခန်းမှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သည် ရက္ခိုင့်တပ်တော် (AA) ထံ ဇန်နဝါရီ ၁၅ ရက်နေ့က လက်နက်ချ အလင်းဝင်သွားခဲ့သည်။

ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ရက္ခိုင်ပြည်ရှိ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဟုဆိုသည်။

စစ်တွေ အပါအဝင် ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်က သတိပေးမှုပြုလုပ်ထားသည်။

ပုံစာ- စစ်ကောင်စီတပ်ရင်းတစ်ခုမှ AA သိမ်းပိုက်ရရှိထားသော လက်နက်များကို စုပုံထားသည်ကို တွေ့ရစဉ်  

ဆက်စပ် သတင်းများ