ရက္ခိုင့်တပ်တော် ( AA) က ရခိုင်နှင့် ကချင်ပြည်များအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး မတ်လ ရ ရက်နေ့က သတင်းများ ထုတ်ပြန်လာသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်>>>
------
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ/၂၀၂၄ ခုနှစ်၊ မတ်လ(၆/ရ) ရက်
ရက္ခိုင့်တပ်တော်အနေဖြင့်အပြီးသတ်သိမ်းပိုက်ရယူရန်သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကိုတစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။
မိမိတို့ထိုးစစ်များအတွင်းလက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်လျက်ရှိနေ သည့်အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိသည်။
ရက္ခိုင်ပြည်၊ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အားယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။
ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့်“ခမ၇ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)”တို့ကို ကြည်း၊ ရေ၊လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်းရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။
ရမ်းဗြဲမြို့တိုက်ပွဲများအတွင်း ရန်သူ၏ မြို့တွင်းလက်ကျန်အင်အားနှင့် စစ်ကူအင်အားများကိုရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိသည်။ ထို့အတူ ကစဉ့်ကလျားထွက်ပြေးနေကြသည့်ရန်သူများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။
၂၀၂၄ခုနှစ်၊ မတ်လ (ရ) ရက်နေ့၊ နံနက် (၆) နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သည်၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးနှင့်မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင်အခြားသောစခန်းအချို့တို့ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်အနေဖြင့်လည်းအဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့်ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီးထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်။
တစ်ချိန်တည်း၌ပင်ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏တပ်မ (၈၈) လက်အောက်ခံ ခလ၇ (၁၀၃)တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိရန်သူ၏ ပွိုင့်(၆၁၁) (Ntap Bum) စခန်းကုန်းအားရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ရန်သူ့တပ်ရင်းများမှ လက်နက်ကြီးများဖြင့်အပြင်လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့်ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ကျရောက်ပေါက်ကွဲခဲ့သည်။
ရက္ခိုင်ဒေသစစ်ဆင်ရေး(၁၁၆) ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့်စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသော ရန်သူ့စခန်းများကိုထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
နောက်ဆက်တွဲတိုက်ပွဲသတင်းများကိုသိရှိ၇ပါက ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်