ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေအခြေစိုက်စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်မှုအချို့ရှိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့ပေါ်သို့ စစ်တွေမြို့ရှိ စစ်ကောင်စီ အခြေစိုက် တပ်ရင်းများနှင့် ရေတပ်နေဗီတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်သဖြင့်   နေအိမ်အချို့ မီးလောင်မှုရှိကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ  ကန်တော်ကြီး အခြေစိုက် ခမရ (၃၅၄) နှင့် နေဗီတစ်စီးပေါ်မှ ယနေ့ မတ်လ ၈ ရက်နေ့ ၁၀ နာရီခွဲခန့်မှ စ၍ လက်နက်ကြီးဖြင့်  ပုဏ္ဏားကျွန်းဘက်သို့ ဦးတည်၍ ပစ်ခတ်နေသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" ကန်တော်ကြီးတပ်ရင်းက အလုံး ၂၀လောက်ရှိပြီပစ်နေတာ။ နေဗီကလည်းပစ်နေတယ်။ ပုဏ္ဏားကျွန်းဘက်ကို ပစ်နေတာ။ မနက် ၁၁နာရီလောက်ထိ ပစ်ခဲ့ပါတယ်  " ဟုပြောသည်။

ယင်းအပြင် ပါဒလိတ်တပ်ရင်း အမှတ် (၂၃၂) တပ်ရင်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ ကင်းတောင်ဖက်သို့ ကျရောက်ပေါက်ကွဲပြီး မီးလောင်နေသည်ဟု ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ပါဒလိတ်တပ်ဖက်က အတွဲလိုက်ဒုံးကျည်တွေနဲ့ပစ်တာ။ ကင်းတောင်မှာကျလို့ မီးလောင်နေတယ်။ စစ်သားတွေလည်းမရှိတော့ဘူး။ တိုက်ပွဲလည်းမရှိတော့ဘူး။ ဒါပေမယ့် ရွာတွေကို ဦးတည်ပစ်ခတ်နေပါတယ် " ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တော်က မတ်လ ၄ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

၎င်းနောက်ပိုင်း စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်လာခြင်းဖြစ်သည်။

၎င်းပြင် စစ်ကောင်စီက လေယာဉ်နှင့်ပါ ကျေးရွာအချို့အား ညဉ့်အချိန် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေ၍ သေဆုံး ဒဏ်ရာရရှိမှုနှင့် အတူ နေအိမ်များ၊ အဆောက်အဦများလည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ ရေတပ်နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း မြို့မ ဈေးကြီးသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့က မီးအကြီးအကျယ်လောင်ကျွမ်း ပျက်စီးခဲ့ရသည်။( NN-11) 

Photo: ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ခဲ့သည့်ပုံ (ပုံဟောင်း)

ဆက်စပ် သတင်းများ