တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် လစာလာထုတ်သည့်မြို့နယ်ပညာရေးမှူးနှင့် စာမေးပွဲအခန်းစောင့်လာသူဆရာဆရာမ ၂၀ ခန့် ဖမ်းဆီးခံထားရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 19.1k

ရခိုင်ပြည်၊ စစ်တွေမြို့တွင် လစာလာထုတ်သည့် မြို့နယ်ပညာရေးမှူးများအပါအဝင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အခန်းစောင့်ရန်လာသည့် ပညာရေးဝန်ထမ်းတချို့ ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများအထဲတွင် ကျောက်တော်မြို့နယ်နှင့်မြောက်ဦးမြို့နယ်မှ ပညာရေးမှုးတို့ ပါဝင်ပြီး ကျန်ဆရာ/ဆရာမတချို့မှာ စစ်တွေတွင် စနစ်သစ် ၁၂ တန်း စာမေးပွဲအတွက် အခန်းစောင့်လာကြသော ဆရာဆရာမများဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အား  ပြီးခဲ့သည့် မတ် ၇ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ချိန်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" နယ်ကနေ လစာလာထုတ်ကြတဲ့ ပညာရေးမှူးတွေနဲ့  စာမေးပွဲ အခန်း လာစောင့်တဲ့ ရာ/ဆရာမ ၁၇ ယောက်လောက်ရှိမယ်။ သူတို့ကိုရဲမှူးကခေါ်ပြီးစစ်တယ်တဲ့။ ခုချိန်ထိ မလွှတ်သေးဘူး။ သုံးလေးရက်လောက်ရှိပြီ။ တိုင်းမှူးဆီလည်းစာတင်ထားတယ်ကြားတယ်။ ဘာကြောင့် ဖမ်းတယ် ဆိုတာလည်း တိတိကျကျ မသိရဘူး " ဟုပြောသည်။

ဖမ်းဆီးခံရသည့် ဆရာဆရာမများမှာ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က စာမေးပွဲ အခန်းစောင့်ရန် စာဖြင့် ဆင့်ခေါ်၍ လာကြသူများဖြစ်ကြောင်း ကျောင်းဆရာတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လစာလာထုတ်တဲ့  မြို့နယ် ပညာရေးမှူးတွေနဲ့ ၁၂ တန်း စာမေးပွဲ ကို အခန်းလာစောင့်တဲ့ ဆရာ ဆရာမတွေကို ပြည်နယ်ပညာရေးမှူးက ဆင့်ခေါ်စာနဲ့ ခေါ်တဲ့အတွက် လာကြတာပါ။  စစ်တွေ အရောက်မှာ စစ်ကောင်စီက ဖမ်းထားပါတယ်။  ခုလက်ရှိ အမှတ် ၁ ရဲစခန်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်။ ရက် ၄ ရက်လောက် ရှိပါပြီ။  ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က တာဝန်တခုလည်း  မယူပေးပါ။  စစ်ရှောင်တဲ့  ဆရာ၊ ဆရာမတွေကို ဌာနနဲ့ ကင်းကွာ လုပ်ခိုင်းတာနဲ့ တူနေပါတယ်ဟု ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ တာဝန်ဖြင့်လာသည့် ဆရာ ဆရာမများကို ဖမ်းဆီးထား၍ မိသားစုများ အနေဖြင့်လည်း အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံသို့ ဖုန်းဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။

စစ်တွေမြို့တွင် စနစ်သစ် ၁၂ တန်းစာမေးပွဲကို စစ်ဆေးရန် စီစဉ်နေသော်လည်း  ပညာရေးဝန်ထမ်း တချို့ မြို့ကိုစွန့်ခွာသွားကြသဖြင့်  အခန်းစောင့်ရန် ဆရာ ဆရာမ လုံလောက်မှု မရှိဖြစ်နေသည်ဟု ကြားသိရကြောင်း စ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မြို့မှာက အစိုးရရုံးတွေသိပ်မလည်ပတ်တော့ဘူး။ ရုံးလည်းသိပ်မတက်ကြတော့ဘူး။ ပညာရေးဝန်ထမ်းတချို့နဲ့ တခြား အစိုးရဝန်ထမ်းတွေလည်း တိုက်ပွဲရှောင်‌သွားကြပြီ။ သူတို့ ခွင့်မပြုလည်း သွားကြတာပဲ။ တချို့ကတော့ တိုင်ပြီးသွားကြတာ။ လစာမဲ့ခွင့်ပေါ့။ စစ်ကောင်စီရဲ့ ယန္တရားက သိပ်လည်ပတ်မှုမရှိတော့ဘူးလို့မြင်တာပဲ" ဟုပြောသည်။

ယင်းအပြင် စစ်‌မိသားစုများဆိုလျှင်လည်း အရာရှိမိသားစုများကို စစ်လေယာဉ်ဖြင့်ပို့ဆောင်ပြီး သာမာန် စစ်မိသားစုများကို ကုန်တင်သင်္ဘောများဖြင့် ရန်ကုန်သို့ပို့ဆောင်ထားကြောင်းသိရသည်။ ( NN-11) 

ဆက်စပ် သတင်းများ