ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မင်းပြား တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့အား အသေဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 16.5k

မင်းပြား တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် ဓားစာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။

၎င်းတိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါဓားစာခံများကို ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံး လက်လွှတ်ခဲ့ရသော နေရာများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန် ကြိုးစား နေကြသောကြောင့် အဆိုပါပြန့်ကြဲ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့ မှ တစ်ယောက်မကျန် ဖမ်းဆီးရမိစေရန် လိုက်လံကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန် အသိပေးလိုက်ပါကြောင်း၊ ကျောက်တော်၊ တပ်မဌာနချုပ် နှင့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသောသူများထဲမှ အချို့ကို နေ့စဉ်နှင့်အမျှ မိမိတို့မှ ဖမ်းဆီးရမိလျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရပါက သီးသန့်သတင်းအဖြစ် တင်ဆက်ပေးသွားပါမည်ဟု သိရသည်။

မတ်လ (၉) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ သည် စစ်တွေမြို့မှ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် ရမ်းဗြဲမြို့အားလည်း အကြမ်းဖက်စစ်ကောင်စီသည် နေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့အပြင် ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ကို တစ်နေကုန်ပြုလုပ်နေခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင် လက်နက် ချရန်၊ အလံဖြူထောင်ရန် ထပ်မံသတိပေးလိုက်သည်။ စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်သည်။ လက်နက်ချအညံ့ခံရန်ပြောသော်လည်း အညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်ကြီးများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ