စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် လူနေရပ်ကွက်အတွင်း ညအချိန် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သားအများအပြားထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်မြို့တော် စစ်တွေတွင် လူနေရပ်ကွက်အတွင်းသို့  ညအချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၉ ရက် ည ၁၁ နာရီခန့်တွင် အနီးကပ်ပေါက်ကွဲသံတစ်ချက်ကြားခဲ့ရပြီးနောက် စစ်တွေမြို့ပေါ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

မြို့ခံအမျိုးသမီးတစ်ဦးက "ခါတိုင်းလည်း ဘယ်ကိုပစ်လို့ ပစ်မှန်းမသိပစ်နေတာပဲ။ ဒီနေ့မှာလည်း ပုံမှန်ပဲ ပစ်တယ်။ အမှတ် ၁၂ ရဲတပ်ရင်းကပါ။ ၁၁ နာရီလောက်မှာထင်တယ်။ အသံအကျယ်ကြီးနဲ့ အနီးကပ်ကြားလိုက် ရတယ်။ မြို့ထဲဘက်ကို လက်နက်ကြီးကျသွားတာကိုလည်း မြင်လိုက်ကြရပါတယ်။ ဒါပေမယ့် ဘယ်နေရာကို ကျသလဲတော့ ဘယ်သူမှထွက်မကြည့်ရဲလို့ မပြောနိုင်ပါဘူး။ မီးတွေဖြတ်ထားတော့ နေဝင်ရင် ဘယ်သူမှမထွက်ရဲကြတော့ပါဘူး"ဟု ပြောသည်။

စစ်တွေ ကသဲရွာ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျရောက်ပေါက်ကွဲခဲ့သည့် နေရာအား  နိရဥ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။

သို့သော်လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသည့် လူနာအများအပြား ဆေးရုံကို ရောက်ရှိလာကြောင်း စစ်တွေဆေးရုံမှ လူနာစောင့် အမျိုးသမီးတစ်ဦးက ပြောသည်။

"အရင်ဆုံး ဆေးရုံကို စစ်ကား ၃ စီးနဲ့ရောက်လာကြတယ်။ အော်ငိုပြီးတော့ ရောက်လာကြတာ။ စစ်သားတွေက လက်နက်ကြီး ထိတဲ့လူနာတွေပါလာတယ်လို့ ဆရာမတွေကို ပြောပါတယ်။ ဘယ်နှစ်ယောက်လဲတော့ ကျမလည်းမသိနိုင်ပါဘူး။အခုထပ်ပြီး ဆေးရုံကားနှစ်စီးနဲ့ သွားခေါ်ပါတယ်"ဟု ပြောသည်။

ထိခိုက်သေဆုံးမှုများကို နိရဉ္စရာကအတည်မပြုနိုင်သေးသော်လည်း ဒဏ်ရာရရှိသည့်လူနာ အနည်းဆုံး ၂၀ ကျော်နိုင်ကြောင်း သူမက ပြောသည်။

ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန် စစ်ကောင်စီ တပ်၏ ရေတပ်စစ်သင်္ဘောတစ်စီးပေါ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တွေမြို့ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား အများအပြားသေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဥ်အတွင်းသေဆုံးသူ အနည်းဆုံး ၂၁ ဦး ရှိပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar က မတ်လ ၄ ရက် တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အများပြည်သူများ သွားလာနေထိုင်ရာ မြို့၊ ရွာ၊ နေအိမ်များ၊ ဈေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားကာ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် သွားလာသည့်အချိန်အိမ်နေချိန်များ၌ ပေါ့ပေါ့တန်တန်မနေကြဘဲ စစ်ရေးသတိဖြင့် သွားလာ နေထိုင်ကြပါရန်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် တိုက်တွန်းထားသည်။ (NN-7)

ဆက်စပ် သတင်းများ