တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

သံတွဲ- တောင်ကုတ်အကြား ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်က သေနတ်များ ရမ်းသန်းပစ်ခတ်ပြီး ဒေသခံများကို ဖမ်းဆီးမှုရှိနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ရခိုင်တောင်ဘက်ပိုင်း တောင်ကုတ်မြို့နှင့် သံတွဲမြို့ကားလမ်းကြားတွင် စစ်ကောင်စီတပ်က ညဥ့်အချိန်မတော် တစ်ဖက်သတ် သေနတ်များ ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည့် အပြင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများရှိနေ၍ ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့မတ်လ ၁၀ ရက်ညပိုင်းနှင့် ယနေ့မတ်လ ၁၁ ရက်မနက်ပိုင်းတွင် သံတွဲမြို့၊ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းလမ်းဆုံနှင့် တစ်မိုင်ခန့်အကွာ ဒေါ်မြရွာသစ်နှင့် တောင်ကုတ်မြို့ ဟုန်းပေါက်ကျေးရွာကြား ချီချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးငယ်များ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" မနေ့က ညနေ ၅ နာရီခွဲလောက်ကပဲ ပစ်သံတွေကြားရတယ်။ သေနတ်ပစ်သံတွေ အရင် ကြားရတယ်။ ညပိုင်းမှာ လက်နက်ကြီးထုသံတွေ ကြားရတယ်။ ဒီနေ့မနက်ပိုင်းကလည်း အဲဒီဘက်က ပေါက်ကွဲသံတွေကြားရတယ်။အဲဒီနားတွေမှာ စစ်တပ်ကသွားလာလှုပ်ရှားနေတာ။ ဒေသခံတွေက ကြောက်လန့်နေကြရတယ်။ ဘာဖြစ်လာမလဲဘယ်သူမှမပြောနိုင်ဘူးလေ" ဟု ၎င်းက ပြောသည်။

ယမန်နေ့ညပိုင်းနှင့် ယနေ့မနက်ပိုင်း စစ်တပ်ဖက်ကတစ်ဖက်သတ်ရမ်းသန်းပစ်ခတ်ခြင်းဖြစ်ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိကြောင်း AA သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ စစ်တပ်ကတစ်ဖက်သတ်ရမ်းသန်းပစ်နေတာပဲဖြစ်မယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ချီချောင်းတံတားအနီးဝန်းကျင်၊ နပင်းမကျေးရွာနှင့် ဟုန်းပေါက်ကျေးရွာ လမ်းဆုံတို့တွင် လှည့်လည်သွားလာနေပြီး လမ်းသွားလမ်းလာများကိုတားဆီးစစ်ဆေးခြင်း၊ လူငယ်များ၏ ဖုန်းများကိုစစ်ဆေး၍ မသင်္ကာသလိုတွေ့လျှင် ဖမ်းဆီးခြင်း၊ ဒေသခံတောင်သူများကို လမ်းပြအဖြစ်ဆွဲခေါ်ခြင်းများပြုလုပ်နေကြောင်း သိရသည်။

" ဟိုတရက်တုန်းကလည်း စစ်တပ်က ဟုန်းပေါက်ကလူသုံးယောက်ကို လမ်းပြဖို့ ဖမ်းခေါ်သွားတယ်။ သူတို့တော့ပြန်လွတ်လာပြီလို့သိရတယ်။ စစ်တပ် ဖမ်းထားပြီး မလွတ်သေးတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်" ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယမန်နေ့မတ်လ ၁၁ ရက်နေ့တွင် စစ်တပ်ဖက်ကဖမ်းဆီးထားသူ အနည်းဆုံး ၆ ဦးခန့်အထိရှိနေပြီး ၄င်းတို့၏အမည်များနှင့်ကျေးရွာများကို အသေးစိတ်အတည်ပြုနိုင်ရန် နိရဥ္စရာကစုံစမ်းနေဆဲဖြစ်သည်။

လက်ရှိစစ်ကောင်စီတပ် လှုပ်ရှားနေသည့်နေရာများမှာ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အစပ်တွင် ဖြစ်ပြီး မြို့နှစ်မြို့၏ ကားလမ်းကြားအလယ်တွင် ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ညဥ့်အချိန်မတော် လက်နက်ကြီးငယ်ရမ်းသန်းပစ်ခတ်မှု၊ စစ်ကြောင်းထိုး လှုပ်ရှားသွားလာမှုများရှိနေ၍ အနီးအနားကျေးရွာများမှဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်။

မတ်လ ၆ ရက်မနက်ပိုင်းက တောင်ကုတ်မြို့နယ်၊ ပင်မဓာတ်အားခွဲရုံရှိရာ ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား ၉ မိုင်တောင်အတက်တွင် စစ်ကောင်စီစစ်ကြောင်းကို AA မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးမှုရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။(NN-23)

ဆက်စပ် သတင်းများ