တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီက တိန်ညိုရွာကိုလေကြောင်းက ဗုံးကြဲပြီး ဇင်ချောင်းကို နေဗီကနေ ပစ်ခတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

စစ်ကောင်စီသည် မြောက်ဦးမြို့နယ် တိန်ညိုရွာကို ယနေ့ နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာကို စစ်ရေယာဉ် နေဗီက အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကျေးရွာများသည် အိမ်ခြေထောင်နှင့်ချီရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိသော ကျေးရွာများ ဖြစ်ကြသည်။

မြောက်ဦးမြို့နယ်မှ တိန်ညိုကျေးရွာကို ယနေ့ မတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက  စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် ပျံဝဲ ဝဲဗုံးလာကြဲခဲ့ပြီး ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာကို  ယမန်နေ့ ည ၁၂ နာရီကျော်ခန့်က နေဗီမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု​ ၎င်းကျေးရွာများတွင် နေထိုင်သူများက နိရဥ္စရာသတင်းဌာနကို ပြောဆိုသည်။

တိန်ညိုရွာသားတစ်ဦးက “ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ မနက် ၁၀နာရီ စွန်းစွန်းလေးက။ ရုတ်တရက်ကြီးဆိုတော့ ရွာသားတွေ ထိတ်လန့်သွားကြတယ်။ ရွာအနီးက အုန်းတော ( ဓနိတော) မှာ ကျလို့ ကံကောင်းတယ်။ ရွာမှာကျရင်တော့ မလွယ်ဘူး” ဟုပြောသည်။

ယခုကဲ့သို့ ရုတ်တရက် လာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူများအကြား စိုးရိမ်မှု တိုးပွားနေကြသည်ဟု ပြောဆိုသည်။

၎င်းအပြင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာကိုလည်း ယမန်နေ့ ည ၁၂ နာရီကျော်ခန့်က စစ်ကောင်စီ၏ နေဗီမှ လက်နက်ကြီးကျည် ၇ လုံးခန့် ပစ်ခတ်ခဲ့သည်ဟု  ဇင်ချောင်းကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ဇင်ချောင်း တောင်ရင်းစု တိုက်နယ်ဆေးရုံအနီးက ညွန့်မောင်ဦးဆိုတဲ့ လူအိမ်မှာ ကျတယ်။ အပင်မှာ ကျတယ်။ ပြီးမှ အိမ်ကိုစဥ်တာ။ ၇ လုံးပစ်တာမှာ တစ်လုံးက ရွာထဲကျပြီး ကျန်အလုံးတွေ ဘယ်ကို ကျလဲတော့ မသိဘူး။ လူတွေကတော့ ဘာမှမဖြစ်သွားပါ” ဟုပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် ဓညဝတီ ရေတပ်ဌာနချုပ်ဖက်မှ ယနေ့ မတ်လ ၁၁ ရက် နံနက် ၁၁နာရီအထိ လက်နက်ပစ်ခတ်သံများကိုကြားနေရသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ အခု မနက် ၁၁နာရီကလည်း လက်နက်တွေပစ်နေတယ်။ ဇင်ချောင်းဖက်ကို ပစ်တဲ့အသံ။ တိုက်ပွဲဖြစ်လို့ ပစ်တာလား ဆိုတာလဲ မသိရဘူး။ ဖုန်းအဆက်သွယ်ပြတ်နေတယ်။ ရေတပ်ဌာနဖက်က လက်နက်‌ကြီး ပစ်သံတွေကို ကြားနေရတယ်။ ဘယ်ကိုပစ်နေမှန်းတော့ သေချာမသိရဘူး” ဟုပြောသည်။

စစ်ကောင်စီသည် ရခိုင်တွင်  မြို့အများအပြားကို လက်လွတ်ဆုံးရှုံးထားရသလို ကျန်သည့် မြို့နယ် အချို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရက္ခိုင့်တပ်တော်အား ထောက်ခံထားသည့် ဒေသခံရခိုင်ပြည်သူများကို  ခြိမ်းခြောက် တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ပြုလုပ်နေကြောင်း သိရသည်။( NN-11)

ပုံစာ- ကျောက်ဖြူဇင် ချောင်းမှ လက်နက်ကြီးကျည်စ ကျသည့်အိမ်


ဆက်စပ် သတင်းများ