သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ကို လုံးဝအပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် အတည်ပြုထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို (၈၅) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ယနေ့ အတည်ပြုထုတ်ပြန်သည်။

ထုတ်ပြန်ချက် အထဲတွင်  “ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်၊ နေ့လယ် (၁) နာရီ (၁၅) မိနစ်အချိန်တွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို တစ်ယောက်မကျန် ရှင်းလင်းနိုင်ခဲ့သောကြောင့် "ရမ်းဗြဲမြို့" သည် ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်” ဟု ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်၊ နံနက် (၈) နာရီ (၁၃) မိနစ်အချိန်တွင် ရမ်းဗြဲမြို့၊ အောင်ချမ်းသာစေတီ တိုက်ပွဲမှ စတင်ခဲ့ပြီး သုံးလတာနီးပါး (၈၅) ရက်ကြာ ရှည်လျားခဲ့သော မြို့တွင်းတိုက်ပွဲဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် လက်မြှောက်အရှုံးပေးခဲ့ရသည်ဟု ဆိုသည်။  

ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံဖမ်းဆီးလျက်ရှိသည်။

စစ်ကောင်စီ သည် ကြည်း၊ ရေ၊ လေ ခုခံစစ်၊ ထိုးစစ်များကို ရမ်းဗြဲမြို့အတွင်းတွင် ဆင်နွှဲခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်မှု၊ အတက်၊ အဆုတ် မှန်ကန်မှု၊ ရရှိသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်မှုတို့ကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကျိုးပေါက်ခဲ့ပြီး နောက်ဆုံးတွင် ရက္ခိုင့်တပ်တော်မှ အပြတ်အသတ်ချေမှုန်းသိမ်းပိုက်ရယူနိုင်ခဲ့သည်။

ဤရမ်းဗြဲကျွန်း တိုက်ပွဲကာလအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခ စစ်သည်တော်များကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ဖော်ပြထားသည်။

တစ်ဆက်တည်းတွင် ရမ်းဗြဲမြို့ဒေသခံတို့ကို ပန်ကြားလိုသည်မှာ မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။

သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ မေတ္တာရပ်ခံပန်ကြားရခြင်းဖြစ်ပါသည်ဟု ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ