Preview

ကျောက်ဖြူတွင် မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးခြေထောက်ပြတ်ကာ တစ်ဦးဒဏ်ရာရ

မတ် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :2064
ရခိုင် သတင်း

ရခိုင်ပြည်၊  ကျောက်ဖြူမြို့နယ်တွင် တစ်ရက်တည်းတွင် မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသား တစ်ဦးတွင် ခြေထောက်ဖြတ်ရပြီး နောက်တစ်ဦးတွင် ခြေထောက်တွင်ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

ခြေထောက်ဖြတ်ရသူမှာ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမှ  ဦးမျိုးရွှေ(၄၅) နှစ် ဖြစ်ကြောင်း သိ၇သည်။

၎င်းသည် ယမန်နေ့ မတ် ၁၁ ရက် နံနက်ပိုင်းတွင် ထင်းသွားခုတ်ရွာမှ  မိုင်းနင်းမိ၍ ညာဖက် ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟုကျောက်ဖြူမြို့ခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ကျောင်းတောင်ကို ထင်းသွားခွေတာ။ ဘုန်းကြီးကျောင်းထက်ကတောင်ပါ။ ကျနော်တို့ရွာနဲ့နီးနီးလေး။ အဲဒီမှာ မိုင်းနင်းမိပြီး ညာဖက်ခြေထောက်ပြတ်သွားတယ်။ မြို့ပေါ်ဆေးရုံကိုယူသွားပါတယ် “ ဟု ပြောသည်။

နောက်ထပ် ဒဏ်ရာ ရရှိသွားသူ တစ်ဦးမှာ ကျောက်ဖြူ မြို့ပေါ်အရာရှိရပ်ကွက်မှဦးယိုင်နုအောင်(၆၅) နှစ်ဖြစ်ကြောင်း သိ၇သည်။

၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ယမန်နေ့ မတ် ၁၁ ရက်နေ့ နေ့လယ် ၁၂နာရီကျော်ခန့်က သစ်ပုတ်တောင် တိုက်နယ် ဦးကင်းတောင်ရွာသို့ ဆန်သွားဝယ်ချိန်တွင်ဂုံးချွိန်တိုက်နယ် အောင်စေတီရွာ၏ ကာရီဘောင်တွင် စစ်ကောင်စီထောင်ထားသည့်  မိုင်းကိုနင်းမိ၍ ဘယ်ဖက်ခြေထောက်တွင်ဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“  သူတို့လင်မယားက မြို့ပေါ်ကပါ။ ဂုံးချွိန်ဖက်မှာ ဆန်သွားဝယ်တာလို့ ကြားတယ်။ လမ်းတွေ ပိတ်ထားတော့မြို့ကလူတွေ ပစ္စည်းတွေ ဆန်တွေ ရတဲ့လမ်းက သွားကြတာပါပဲ။ ကျောက်ဖြူ မြို့နယ်မှာဆိုရင်မိုင်းထောင်ထားတဲ့ ရွာတွေ အများကြီးပဲ။ နယ်ဖက်တွေက အများအားဖြင့် ငါး/ပုဇွန် တွေလုပ်စားကြတယ်။ အဲ့ဒီတာဘောင်တွေမှာ အများကြီးထောင်တယ်။ လူသွားလူလာများလို့ ။ အဲ့ဒီ တာဘောင်မှာထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ ဘယ်ဖက်ခြေထောက်ထိသွားတယ်။ အခုလက်ရှိကျောက်ဖြူမြို့ ဆေးရုံမှာပါ” ဟုပြောသည်။

ကျောက်ဖြူမြို့ နှင့်နီးသည့် ကရင်တောရပ်ကွက် စိုင်ခြုံဖက်သို့သွားသည့်စက်လှေဆိပ်၊ စိုင်းခြုံဒွိန်၊ ငပြီတောင်၊ ငှက်ပျောချောင်း၊ တောင်ရှည်၊ ခမ၇(၅၃၄)အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင် စသည့် ကျေးရွာ အနှံ့အပြားရှိရခိုင်အခေါ်အဝေါ ကာရီဘောင် ( တာဘောင်)များတွင်လည်း စစ်ကောင်စီမှမိုင်းထောင်ထားသည့် အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်းဒေသခံများကပြောသည်။

ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် ဖြစ်ကြသည့်  ခလ၇ (၃၄)နှင့် ခမ၇(၅၄၂) တပ်ရင်းများမှ ငလပွေ့ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန် ရွာ နှင့်အောင်စေတီရွာအနီးအနား အရပ်သား ပြည်သူများသွားလာ၊ လုပ်ကိုင်စားသောက်နေသည့် လယ်မြေ၊လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ရက္ခိုင့်တပ်တော်ကအဆိုပါမိုင်းများကို လိုက်လံ ရှင်းလင်းနေရကြောင်း သိ၇သည်။ ( NN-11) 

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.