တနင်္ဂနွေ၊ ဇူလိုင်လ ၂၁ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် လက်ကျန်စစ်ကောင်စီတပ်သားများ ကစဉ့်ကလျားထွက်ပြေး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 735

ရမ်းဗြဲမြို့သိမ်းတိုက်ပွဲအတွင်းမှ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နေဗီသို့ ဆင်းပြေးရန် ကြိုးစားနေစဉ်  မတ်လ ၁၂ ရက် ညနေ  ၃ နာရီ ကျော်ခန့် အချိန်တွင် သပြုချိန် ကျေးရွာအနီး၌  ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ရမ်းဗြဲမြို့ကို (၈၅) ရက်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မတ် ၁၁ ရက်နေ့က  ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းယူပြီနောက် စစ်ကောင်စီ တပ်သားများသည် ကစဉ့်ကလျား ထွက်ပြေးနေကြပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံ ဖမ်းဆီးလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်မှ ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၎င်းပြင် စစ်ကောင်စီသည် လေကြောင်းမှ ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာများအားဗုံးကြဲတိုက်ခိုက်၍  အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်း သိရသည်။

မတ်လ ၁၂ ရက်နေ့တွင်  စစ်ကောင်စီတပ်က ရမ်းဗြဲမြို့နှင့် အနီးအနား ကျေးရွာများကို အပြင်းအထန် လေကြောင်းသုံး တိုက်ခိုက်သည့်အပြင် ရေတပ်ဇက်နေဗီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။


" ဒီနေ့ ရမ်းဗြဲမြို့မှာ လေယာဥ်တွေ တအားသုံးနေတာပါ။ ဘယ်နှစ်စီး နဲ့ ဘယ်နှစ်ခေါက်လဲတောင် မရေတွက်နိုင်တော့ဘူး။ Y-12 နဲ့ နှစ်ခေါက်၊ ဂျက်ဖိုက်တာကတော့ ခန့်မှန်းလို့တောင်မရတော့ဘူး။ ကျောက်ချောင်းဘက်ကိုလည်း တစ်ရက်လုံးနေဗီနဲ့ပစ်တယ်။ သပြုချိန်မှာတော့ လက်နက်ကြီး ထိလို့ အိမ်၄ လုံးပျက်တယ်။ နွားတစ်ကောင်သေပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး"ဟု ပြောသည်။

ပျက်စီးသွားသော နေအိမ်များမှာ  ကျောက်ချောင်းတိုက်နယ်၊ သပြုချိန်ကျေးရွာတွင် ဦးထွန်းရွှေ၊ ဦးကျော်ထွန်း၊ ဒေါ်သိန်းစိန်နု၊ ဦးမောင်ညွန့်တင်တို့ နေအိမ်များ ဖြစ်ကြပြီး နွားတစ်ကောင်လည်း သေဆုံးသွားကြောင်း သပြုချိန်ကျေးရွာသားတစ်ဦးက ပြောသည်။

မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် လေးတောင် တိုက်နယ်အတွင်းကို ဗုံး ၃ လုံး ကြဲချခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်နယ်အတွင်းရှိ ငပြီချောင်းကျေးရွာတွင် တစ်လုံးကျရောက်ကာ  အသက် (၆၅) နှစ် အရွယ် ဒေါ်မအုံးရွှီ၏ ညာဘက်ခြေထောက် ဒဏ်ရာရရှိသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

"၁၁ နာရီ ၂ မိနစ်လောက်ကပါ။ လေးတောင်တိုက်နယ်ကို ဂျက်နဲ့ ၃ လုံးကြဲချပြီး လှည့်ပတ်နေခဲ့တာ။ အဲ့ဒါ ငပြီချောင်းမှာလည်း ကျပြီး အသက်ကြီးအမျိုးသမီးမှာ ခြေထောက်ထိသွားတာ"ဟု ပြောသည်။

၎င်းပြင် ရမ်းဗြဲမြို့ဒေသခံတို့အနေဖြင့်  မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ကြရန်နှင့် ရက္ခိုင့်တပ်တော်က မေတ္တာရပ်ခံပန်ကြားထားသည်ဟု သိရသည်။

သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ် ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သဖြင့် ထိုသို့ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ