ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ စစ်ကောင်စီ၏ စစ်နေဗီပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး သည် ရွှေပြည်သာကျေးရွာ၏ စာသင်ကျောင်းသို့ကျရောက်ခဲ့သဖြင့် အဆောင်အချို့ ပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။
စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာကို မတ် ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်က စစ်ကောင်စီ၏နေဗီမှ လက်နက်ပစ်ခတ်ခဲ့ပြီး ၄င်းလက်နက်ကြီးကျည်သည် အခြေခံပညာ မူလ(လွန်) ကျောင်းသို့ကျရောက်ခဲ့ကာ ဆရာ/ဆရာမနားနေဆောင် ပြိုပျက်သွားခဲ့သည်ဟု ရွှေပြည်သာကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။
“ဘယ်ဖက်ကပစ်တာလဲဆိုတော့ ကုလားတန်မြစ်ဖက်ကနေ လာတာ။ နေဗီကပဲဖြစ်နိုင်တယ်။ အလံတွေ လဲသွားတယ်။ အုတ်တိုင်တွေ ကျိုးသွားတယ်။ မှန်ပြတင်းတွေ ပွင့်ထွက်သွားတယ်။ နောက် နေဗီကတော့ ထပ်မပစ်တော့ဘူး။ စစ်တွေတပ်ရင်းတွေဖက်ကတော့ပစ်သံကြားတယ်။ ဆရာမတွေ နေတဲ့အဆောင်မှာ ကျတာပါ။ လူတွေတော့မရှိဘူး။ ကျောင်းပိတ်ထားလို့ “ ဟုပြောသည်။
အဆိုပါလက်နက်ကြီးကျည်သည် ရွာထဲသို့ကျရောက်ပါကလည်း လူ့အသက်အန္တရာယ်ထိခိုက်နိုင်သည်ဟု ရွှေပြည်သာကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ စာသင်ကျောင်းက ဘုန်းကြီးကျောင်းနဲ့ရွာကြားမှာ။ အခုလက်နက်ကျတာက ရွာနဲ့ ကပ်လျက်ရှိတဲ့ ကျောင်းဆောင်ကိုကျတာ။ ရွာသားတွေက စိုးရိမ်လို့ပြေးတဲ့သူတွေပြေးနေကြပြီ “ ဟုပြောသည်။
ယင်းအပြင် စစ်တွေ- ရွှေမင်းဂံလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီကားများ နေ့စဥ် သွားလာလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ညဥ့်အချိန်ကလည်း စစ်တွေမြို့ ရဲတပ်ရင်းအမြောက်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အင်ပါလာ မွတ်ဆလင်ရပ်ကွက်သို့ကျရောက် ပေါက်ကွဲပြီး မွတ်ဆလင် (၅) ဦးသေဆုံးပြီး (၉) ဦးဒဏ်ရာရရှိသွားကြောင်းသိ၇သည်။
ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က လည်း စစ်တွေပွိုင့်အနီးရှိ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် ဈေးကြီးအနီးရှိ ကိုးရီးယား ဆိပ်ကမ်းပျံကျဈေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၂၁ ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း UN OCHA က သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စစ်ကောင်စီမှ အရပ်သားပြည်သူနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးကျည်များပစ်ခတ်နေသဖြင့် ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများနှင့် မြို့နှင့်နီးသည့် ကျေးရွာများပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိ၇သည်။( NN-11)