ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မာန်အောင်တွင် စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းခိုင်းရန် စတင်စီစဥ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်၊ မာန်အောင်ကျွန်းရှိ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန်အတွက် ရပ်/ကျေး စာရေးများကို လျှို့ဝှက် စာရင်း ကောက်ခိုင်းနေသည်ဟု သိရသည်။

“ခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ရပ်/ကျေး စာရေးတွေကို ရပ်ကွက်တွေ၊ ရွာတွေမှာ လျှို့ဝှက် စာရင်း ကောက်ခိုင်းထားတယ်။ လူငယ်တွေကို စစ်မှုထမ်းခိုင်းတော့မယ်။ ၁၅ ရက်နေ့ အပြီးသတ် တင်ရမယ်။ တစ်ရပ်ကွက်က အနည်းဆုံး ၁၀ ယောက်ကျစီတဲ့။ ရပ်/ကျေး စာရေးတွေလည်း ခေါင်းစားနေတယ်” ဟု ရပ်/ကျေး စာရေးနှင့် နီးစပ်သူ တစ်ဦးက‌ ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် မာန်အောင်ကျွန်းရှိ ကျေးရွာတချို့တွင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြားရှိသည့် လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် စာရင်းများကို တောင်းခံထားသည်မှာ ဟုတ်မှန်ကြောင်း  မာန်‌အောင်မြို့ခံ တစ်ဦးကပြောသည်။

“မာန်အောင်နဲ့ နည်းနည်း အလှမ်းဝေးတဲ့ ရွာတွေမှာဆို အုပ်ချုပ်ရေးမှူးတွေဆီက စာရင်း တောင်းထားတယ်။ စာရင်းတွေတောင် ကောက်ထားကြပြီ။ လူငယ်တွေကတော့ စစ်မှုထမ်းရမှာကို အရမ်းစိုးရိမ်နေကြတယ်။ သိတဲ့အတိုင်းပဲ မာန်အောင်မှာက အေအေဘက်ကို သွားပြီးခိုလှုံဖို့ကလည်း လမ်းကြောင်းမရှိဘူး။ နောက်ဆုံး တုတ်ဆွဲ ဓားဆွဲ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

မြို့ပေါ်ရပ်ကွက် တချို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်းပိုင်းကလည်းက ရဲနှင့် လဝက များက ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း လူဦးရေ လာကောက်သကဲ့သို့ အိမ်ထောင်စုများကို စစ်ဆေးခဲ့သည်များလည်းရှိသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

မာန်အောင်မြို့ခံ လူငယ်တစ်ဦးက “ စာရင်းကောက်မယ်လို့ ပြောသံတော့ကြားတယ်။ သူတို့ကတော့ ပေါ်ပေါ်ထင်ထင်ကြီး လှုပ်ရှားတာတော့ ကျနော့်အနေနဲ့ မတွေ့မိသေးဘူး။ လူငယ်တွေကလည်း စောင့်ကြည့်နေကြတဲ့ အနေအထားရှိတယ်။ အတင်းအဓမ္မ စစ်သင်တန်းတွေပေးမယ်ဆိုရင် အရမ်းကြီး ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်တယ်။ ပြည်သူတွေကတော့ ရတဲ့ထွက်ပေါက်က ပြေးဖို့ စိတ်ကူး ထားကြတာရှိတယ်။ ရသလောက် တိမ်းရှောင်ဖို့ ရှိတယ်” ဟုဆိုသည်။

ယခုရက်ပိုင်းအတွင်းတွင် မာန်အောင် မျှော်တော်ဦး စစ်ကောင်စီရေတပ်နှင့် နေဗီများကလည်း ရမ်းဗြဲမြို့ဘက်သို့ လက်နက်ကြီးများ ပစ်ကူပေးနေသောကြောင့် ဒေသခံများမှာ ပို၍ စိုးရိမ်ကြောက်လန့်နေကြသည်ဟုလည်း ပြောကြသည်။

“လက်နက်ကြီး ပစ်သံတွေ ခုကြားနေကြရတော့ မြို့ခံတချို့လည်း ကျွန်းအလယ်ပိုင်းတို့ဘာတို့ကို ရှောင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေကြတာတွေလည်းရှိတယ်။ စိုးရိမ်နေကြတယ်” ဟုပြောသည်။

လက်ရှိတွင် မာန်အောင်မြို့ လေယာဥ်ကွင်းကိုလည်း စစ်ကောင်စီက စစ်ဘက်ဆိုင်ရာ လေယာဥ်ကွင်း အဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်လျှက်ရှိနေပြီး ရခိုင်စစ်မြေပြင်ကို လေကြောင်းဖြင့် ခုခံကာကွယ်နိုင်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့‌ပေါ်နှင့် ကျေးရွာတချို့တွင်လည်း စစ်မှုထမ်းရန် လူငယ်စာရင်းများကို စတင်ကောက်ခံနေပြီဖြစ်ကာ ရခိုင်ရှိ မွတ်ဆလင်များကိုလည်း အတင်းအကျပ် စစ်သင်တန်းများပေးကာ စစ်မြေပြင် ပို့ဆောင်နေသည်များလည်း ရှိသည်။

 

ဆက်စပ် သတင်းများ