တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီနေဗီမှ ပစ်ခတ်၍ အမျိုးသား ၃ ဦးသေဆုံးပြီး ၁၀ ကျော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 880

(ပုဏ္ဏားကျွန်းတွင် ၃ ရက်တာအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာ)

သဉ္စာနွယ်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီ၏ နေဗီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသား ၃ ဦးသေဆုံးပြီး  ၁၀ ကျော်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့ကို ယနေ့ မတ် ၁၄ ရက်နေ့ နံနက် ၁၁နာရီခန့်က စစ်တွေဖက်မှ ကုလားတန် မြစ်ကြောင်း အတိုင်း တက်လာသည့် နေဗီတစ်စီးပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့ထဲတွင် ရောက်ရှိနေသည့်  လူ၁၀ဦးကျော်အထဲမှ အမျိုးသား ၃ ဦးသေဆုံးသွားခဲ့သည်ဟု ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး(PYA)မှတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ သူတို့က ကယ်ဆယ်ရေးပေးဖို့ ကိစ္စနဲ့ လာကြတာလို့သိရတယ်။ တစ်စုတစ်ဝေးထဲ ရှိနေတဲ့အချိန်မှာ လက်နက်ကြီးကျည်ကကျလာတာ။ ၁၄ ယောက်ထဲက သုံးယောက်သေတယ်။ တစ်ယောက်က ပွဲချင်းပြီးသေတယ်။ နောက် ၂ ယောက်က ဆေးရုံရောက်မှသေတယ်။ ဒဏ်ရာရတဲ့သူတွေအထဲမှာ ခြေတွေလက်တွေပြတ်သွားတာပါတယ်။ ကျနော်တို့လည်း အတိအကျမသိရသေးပါဘူး” ဟုပြောသည်။

သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအားလုံးသည် ပေါက်တောမြို့နယ်၊ ဆယ်သိန်းတန်ကျေးရွာမှ ဖြစ်ပြီး သေဆုံးသူ ၃  ဦးမှာ ကိုစိန်ထွန်းကျော်၊ ဦးလှမောင်နှင့် ကိုမောင်လှချေတို့ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို အရပ်ဖက်ဆေးကုသရုံသို့ပို့ဆောင်ထားပြီး ဆေးကုသပေးနေသည်ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့လူတွေကို  ဆေးရုံကို ပို့ထားပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုပေးထားပါတယ်။ တခြားအသေးစိတ်ကို ထပ်မသိရသေးပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း စစ်တွေပါဒလိတ် တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာရှိ စက်လှေဆိပ်တွင်ကျရောက်ခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နောက်ထပ်အမျိုးသမီး ၂  ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းတွင် (၃) ရက်တာအတွင်း စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

---------

ဆက်စပ် သတင်းများ