ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ဖြူမြို့နယ်မှ ကျေးရွာတစ်ခုအား စစ်ကောင်စီလေယာဉ်က ဗုံးကြဲ၍ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 596

အေးမြတ်ခိုင်

ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်၊ ပြုံးပြည့်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကြဲ၍ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးသေဆုံးပြီး သူမ၏ အမျိုးသားဖြစ်သူမှာ  ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူမှာ ဒေါ်စိန်တင်ဖြူ (၇၃) နှစ်ဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးမောင်ကျော်ထွန်း(၇၈) နှစ်မှာ ပေါင်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ယနေ့ မတ်လ ၁၄ ရက် နေ့လယ် ၂ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ပြုံးပြည့်ကျေးရွာသို့ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး ဦးမောင်ကျော်ထွန်း အိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

"ဘာတိုက်ပွဲမှမရှိဘူး။ တမင်လာပစ်တာ။ အဖိုးကြီး၊ အဖွားကြီးနေတဲ့ အိမ်မှာကျပြီး အမျိုးသမီးက သေတယ်။ အမျိုးသားက ဒဏ်ရာရသွားတယ်"ဟု ပြောသည်။

ဒဏ်ရာရရှိသွားသည့် ဦးမောင်ကျော်ထွန်းကို စနဲဆေးရုံးသို့ ပို့ဆောင်ကာ ဆေးကုသထားရကြောင်း ၄င်းက ဆက်ပြောသည်။

"အဖိုးက ပေါင်မှာ ထိသွားတယ်။ သိပ်တော့မပြင်းပါဘူး။ အခု စနဲဆေးရုံမှာပါ"ဟု ပြောသည်။

ရခိုင်စစ်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မြို့နေ ရပ်ကွက်များ၊ လူနေကျေးရွာများကို ယခင်ကထက် ဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟု  ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောသည်။

"သူတို့က စစ်တိုက်တာမဟုတ်တော့ဘူး။ အရပ်သားတွေကို တမင်ပစ်မှတ်ထားနေတာဖြစ်တယ်။ ရခိုင်ပြည်ရဲ့ ဘယ်နေရာမှာမှမလုံခြုံပါဘူး။ အေအေကို တိုက်မနိုင်တော့ အရပ်သားတွေကို ပစ်မှတ်ထားနေတာ ဖြစ်တယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က နေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အရပ်သား ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့သည်။

 (ဓာတ်ပုံ- Arakan Princess Media )

ဆက်စပ် သတင်းများ