အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

စစ်တွေ ပြည်နယ်လ၀ကရုံးဝင်းအတွင်း စစ်ကောင်စီက လက်နက်ကြီး အထိုင်စခန်းချရန်စီစဥ်နေသဖြင့် ဝန်ထမ်းမိသားစုများ နေရာရွှေ့ပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6k

ရခိုင်ပြည်၊ စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်၊ လမ်းမကြီးရှိ  ပြည်နယ်လဝကရုံးဝင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး အထိုင် စခန်းချရန် စီစဉ်နေသဖြင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် မိသားစုများမှာ နေရာရွှေ့ပြောင်းနေကြရသည်ဟု  စစ်တွေမြို့ရှိ ဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ မနေ့က ညနေ ၃ နာရီ ကျော် ၄ နာရီလောက်က လက်နက်အပြည့်နဲ့ စစ်ကား ၂ စီး ရုံးနေရာကို ဝင်တယ်။ လက်နက်ကြီးအထိုင်စခန်းလုပ်မယ်ကြားတယ်။ ဝန်ထမ်းတွေကိုနှင်ထုတ်တယ်တဲ့။ ဒီမှာနေလို့မရတော့ဘူးဆိုပြီး” ဟုပြောသည်။

လဝကရုံး ဝန်ထမ်းအိမ်ရာတွင်နေထိုင်သည့်ဝန်ထမ်းများနှင့် မြေစာရင်းရုံး ဝန်ထမ်းအိမ်ရာတွင်နေထိုင်သည့် ဝန်ထမ်းများသည် ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၃နာရီကျော်ခန့်က မြို့ထဲသို့ စတင် ပြောင်းရွှေ့ နေရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ လဝကရုံးနဲ့ မြေစာရင်းရုံးက ဝန်ထမ်းတွေ မနေ့က မြို့ထဲကိုပြောင်းနေကြတာတွေ့ရတယ်။ နေစရာနေက စစ်ကောင်စီက မစီစဥ်ပေးဘူး။ တချို့အမျိုးတွေရှိတဲ့ ဝန်ထမ်းတွေကတော့ အဆင်ပြေတယ်။ မရှိတဲ့လူတွေက ဒုက္ခရောက်ကြတယ် “ ဟုပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား  ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်လာပါက ခံစစ်ဖြင့် ခုခံရန်အတွက် စစ်တွေမြို့ အရေးကြီးသည့် အချက်အချာနေရာများတွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ယင်းအပြင် နယ်တွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာဝန်ထမ်းများကို လည်း စစ်တွေမြို့တွင် တာဝန် ထမ်းဆောင်ရန်  ဌာနဆိုင်ရာမှ ညွှန်ကြားစာထုတ်ထားပြီး မြို့ပေါ်တွင်နေမှသာလျှင် လစာ အကျိုး ခံစားခွင့်ပေးမည်ဟု စစ်တွေမြို့ရှိ ဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ နယ်က ဝန်ထမ်းတွေကို လစာမပို့ပေးဘူး။ မြို့မှာလာနေမှ လစာရမယ်။  ရုံးမတက်ရင်လည်း သတင်းပို့ပေးရမယ်။ အစတုန်းက အထက်လူကြီးအဆင့်တွေကိုပဲ မြို့ပေါ်တွေကိုလာနေဖို့ခေါ်တာ သာမာန် ဝန်ထမ်းတွေကို မခေါ်ဘူး။ ခုနောက်ပိုင်းမှ နယ်က ဝန်ထမ်းတွေကိုရော ရုံးပျက်ကွက်တဲ့သူကိုရော စစ်တွေမြို့ကို ပြန်ခေါ်တာ။ ဌာနဆိုင်ရာက ညွန်ကြားစာ ထုတ်ထားတယ် “ ဟုပြောသည်။

ရခိုင်တွင် လက်ရှိဖြစ်နေသော တိုက်ပွဲများကြောင့် စစ်တွေမြို့ပေါ်ရှိ အစိုးရဝန်ထမ်းများသည်လည်း လုံခြုံရေး စိုးရိမ်ရရာမှ အလုပ်ကို စွန့်ခွာကာ သွားနေကြသူများ ရှိသလို ခွင့်မဲ့ပျက်ကွက်သူလည်း များပြားနေသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ခွင့်မဲ့ပျက်ကွက်မှု များလာသဖြင့် ရခိုင်မှ ဝန်ထမ်းများကို ဌာနဆိုင်ရာ ခရီးသွားလာခွင့် ထောက်ခံစာပါမှ ခရီးဝေး သွားလာခွင့် ပြုတော့မည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ