ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦးကို စစ်ကောင်စီဗုံးကြဲ၍ အသက် ၁၆ နှစ်အရွယ်အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္ဇာနွယ်

ရခိုင်ရှေးမြို့တော်ဟောင်း မြောက်ဦးမြို့ကို ယနေ့နံနက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သဖြင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသီးငယ်တစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ရွာဟောင်းတောရပ်ကွက်မှ အသက် (၁၆) နှစ်အရွယ်ရှိသည့် အမျိုးသမီးငယ်ဖြစ်ကြောင်း သိရသည်

မြောက်ဦးမြို့ကို ယနေ့ မတ် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၅၀  မိနစ်ခန့်က Y-12 ဖြင့် ဗုံး ၅ လုံး ပစ်ချခဲ့သည်ဟု  မြောက်ဦး ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ လေယာဥ်ကနေ ဗုံးလာချခဲ့တာ။ အိမ်မှာ အိုးခွက်ပန်းကန်ဆေးနေတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ဗုံးလာကျလို့ တစ်ကိုယ်လုံး ကြေမွသွားတယ်လို့ သိရတယ်။ နောက်တစ်ယောက် ဒဏ်ရာရတဲ့သူကလည်း မိန်းကလေးပဲ။ ဒါပေမယ့် ဒဏ်ရာရသူရဲ့ အသက်ကို မသိရသေးဘူး” ဟုပြောသည်။

လက်ရှိတွင်ဒဏ်ရာရရှိသူကို အရပ်ဖက်ဆးရုံသို့ပို့ဆောင်ထားပြီး ဒေသခံများမှာလည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို လက်ရှိအချိန်ထိ စိုးရိမ်နေကြရသည်ဟု မြောက်ဦးဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ ဒဏ်ရာရတဲ့သူကို ဆေးကုဖို့ခေါ်သွားကြပါပြီ။ မြောက်ဦးမှာက သွားလာလို့ရနေပြီ။ မြို့ကိုလည်း ဝင်လို့ရတယ်။ ရွာဖက်ကိုလည်းသွားလို့ရနေပြီ။ ဒါပေမယ့် လူတွေက စစ်ရှောင်ရာနေ သိပ်ဝင်မလာကြသေးဘူး။  မြို့ကို သိမ်းထားပေမယ့် စစ်ကောင်စီက အခုလိုမျိုး တိုက်ခိုက်တာတွေရှိတဲ့ အတွက် စိုးရိမ်နေရတယ်” ဟုပြောသည်။

စစ်ကောင်စီမှ ကြဲခဲ့သည့် ဗုံးသည် ဗန္ဓုလရပ်ကွက်၊ ရွာဟောင်းတောရပ်ကွက်နှင့် ဝမ်းတီးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားသည့် မင်းပြားမြို့ပေါ်ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် စျေးဟောင်းပိုင်ရပ်ကွက်မှ အမျိုးသား ၁  ဦးနှင့် အမျိုးသမီး  ၂ ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ