Preview

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၏ ဆွေမျိုးများကို စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများထုတ်ပေးထား

မတ် ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :63155
ရခိုင် သတင်း

စိုးစံအောင်/ နိရဉ္စရာ၊မတ် ၁၆ / ၂၀၂၄

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူဒေါ်ကြူကြူလှ၏ မွေးရပ်ဇာတိရွာမှ အမျိုးများအားလုံးကို ပြည်သူ့စစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးထားကြောင်း စစ်ကောင်စီ၏ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ဒေါ်ကြူကြူလှ၏မွေးရပ်ဇာတိရပ်ရွာမှာ သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာအုပ်စု၊ဇီးကျွန်းကျေးရွာဖြစ်သည်။

အဆိုပါဇီးကျွန်းကျေးရွာမှဒေါ်ကြူကြူလှနှင့်ဆွေမျိုးတော်စပ်သူများကိုစစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့် ကတ်ပြားများကို မတ်လ ၁၄ ရက်တွင်သံတွဲခရိုင်ထွေအုပ်ရုံးက ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

" ဒေါ်ကြူကြူလှရဲ့ဇီးကျွန်းရွာက အမျိုးတွေအားလုံးစစ်မှုထမ်းကင်းလွတ်ခွင့်ရတယ်။ စစ်မှုထမ်း ကင်းလွတ်ခွင့် ဆိုပြီး ကတ်ပြားတွေထုတ်ပေးထားတယ်။သံတွဲခရိုင်ထွေအုပ်ရုံးကထုတ်ပေးထားတာ" ဟု ပြောသည်။

ဒေါ်ကြူကြူလှ၏အမျိုးများစာရင်းကို ဇီးကျွန်းကျေးရွာတာဝန်ခံက ကောက်ယူပြီး သံတွဲခရိုင် ထွေအုပ်ရုံးသို့သွားရောက်ပို့ဆောင်ပြီးနောက် စစ်မှုထမ်းကင်းလွတ်ခွင့် ကတ်ပြားများ ထုတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိ၇သည်။

" ရွာတာဝန်ခံကအမျိုးစာရင်းကောက်ပြီး သံတွဲထွေအုပ်ရုံးကို သွားပေးရတာ။ ထွေအုပ်ရုံးကစစ်မှုထမ်းကင်းလွတ်ခွင့်လက်မှတ်ပြန်ပေးလိုက်တာ" ဟု သူကပြောသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်စစ်မှုမထမ်းမနေရဥပဒေကို အာဏာရှင်ပီပီ ကျင့်သုံးပြီးတစ်နိုင်ငံလုံးမှလူငယ်လူရွယ်များ၏ အနာဂတ်နှင့်ဘ၀ကို သင်းသတ် ဖျက်ဆီးနေသော်လည်း၄င်းဇနီး၏အမျိုးများကိုမူ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးခြင်းမှာ ကိုယ့်ဥပဒေကို ကိုယ်မလေးစားခြင်းဖြစ်ကြောင်း ၊လူငယ်များအနေဖြင့် တရားမျှတမှုမရှိသည့် စစ်မှုထမ်းဥပဒေကိုမိမိလွတ်လပ်ခွင့်အတွက်ဆန့်ကျင်ကြရန် သံတွဲမြို့နယ်မှ လူမှုတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

"ထမ်းရမယ်ဆိုလည်း တပြေးညီထမ်းရမယ်လေ။ သူ့မိန်းမ(ဒေါ်ကြူကြူလှ)ဆွေမျိုးတွေကိုခွဲထုတ်ပြီး ကျန်တဲ့ လူငယ်တွေကို ဖိအားပေးတာမျိုးတော့ဘယ်တရားမလဲ။ ပြောရရင် စစ်မှုထမ်း ဥပဒေ အသက်သွင်း ထုတ်ပြန်တာကိုက နိုင်ငံ အနာဂတ်လူငယ်အားကို သင်းသတ်ပစ်လိုက်တာပဲ။စစ်မှုထမ်း ဥပဒေကိုလူငယ်တွေအနေနဲ့ ကိုယ့်လွတ်လပ်ခွင့်နဲ့ ဆန့်ကျင်ကြဖို့တိုက်တွန်းပါတယ်" ဟုနိရဉ္စရာသတင်းဌာနသို့ပြောသည်။

သံတွဲမြို့နယ်တွင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကိုမတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယခုမတ်လ၁၈ ရက်ကစတင်၍ ကျေးရွာအုပ်စုတစ်ခုမှ လူငယ်နှစ်ဦးစီစုဆောင်းရမည်ဖြစ်ပြီးလေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုအတင်းအကျပ်စေခိုင်းထားထားကြောင်းလည်းဒေသခံများကပြောသည်။ (ဓာတ်ပုံ- အင်တာနက်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.